Wednesday, February 13, 2008

( ချစ်သူများနေ့ အမှတ်တရ )


ဆယ့်လေးယောက်မြောက် အိန်ဂျယ်

ကြယ်လေးတွေ လင်းအားကျလို့
သူမ မျက်တောင်ဖျားမှာ
ပြေးဝင်ပုန်းခိုရတဲ့ ည … …

အပြာရောင်ခြုံလွှာတစ်စ
ခပ်ဖွဖွလေး မ ရင်း
ဆင်ဖိုနီ အမှတ် ( ၉ ) ကို
သူမ က စိတ်ကူးနဲ့ ဆိုတယ် … …

သနပ်ခါးမြေကိုမှ ခြေကျူးမိတဲ့
ကျွန်တော့်ရဲ့ အိပ်မက်ဦးကို
သူမ က
အကြည့်တစ်ချက်နဲ့
တလက်လက် သတ်တယ် … …

ပြီးတော့မှ …
ချောကလက်ရည်တွေ သုတ်လိမ်း
ကျွန်တော့်အိပ်မက် ၀ိညာဉ်စိမ်းကို
လေးညို့သံ ခပ်ပြင်းပြင်းနဲ့
အသက်ပြန်သွင်းတယ် … …

နှင်းမှုံနှင်းစက်တွေက
ဖြူလွှလွှ ကတ္တီပါစတွေ ဖြန့်ခင်း အားပေးကြ …
ပန်းပွင့်တွေက
ဝတ်ဆံရင်ဘတ်ကို တဗြန်းဗြန်းဖွင့်ပြီးအားပေးကြ …
မုတ်သုံရနံ့ကတော့
သူမ ရဲ့
ရွှေရည်စွတ်စိုတဲ့ ပါးပျိုနှစ်ဖက်မှာ
မှေးစက်ခစားကြ … …

ကျွန်တော့်အိပ်မက်နဲ့ သူမ ကလဲ
အသန့်ရှင်းဆုံး လွင်ပြင်မှာ
လင်းလက် ကခုန်ကြ …
သူမ ကိုယ်သင်းရနံ့က
မွတ်သိပ်စွာဖွင့်ခဲ့မိသော ပန်ဒိုရာရဲ့ သေတ္တာ …
သူမအလှက
မျဉ်းပြိုင်တို့ကို ဆုံစေသော အမှတ် …
သူမ အသံက
စိန့် ဗယ်လင်တိုင်းတီးသော နောက်ဆုံးခေါင်းလောင်းသံ … …

တည်ညိမ်းကို



2 comments:

  1. ဂွတ်ရှော့ဗျာ။ ကောင်းလိုက်တဲ့ကဗျာ။ အာဘွား။ ဟီးဟီး။ ဂယ်ပြောတာနော်။ ရေလည်ကောင်း ကမ်းစပ်ကောင်း။

    ReplyDelete
  2. ဆယ့်လေးယောက်မြောက် အိန်ဂျယ်လေးဆိုတာ ဗယ်လင်တိုင်းဒေးကို တင်စားထားတာလား ဗယ်လင်တိုင်းဒေးလေး ဗယ်လင်တိုင်းညလေးလှတဲ့ အကြောင်းပေါ့နော် နောက်ဆုံးခေါင်းလောင်းသံ ဆိုတဲ့နေရာမှာတော့ စိန့်ဗယ်လင်တိုင်းရဲ့ အဖြစ်ကိုသတိရပြီး ဝမ်းနည်းရတယ် ကဗျာထဲက တင်စားမှုအားလုံး နုးညံ့သိမ်မွေ့ပြီး အရမ်းကိုလှပါတယ်

    ReplyDelete