Tuesday, February 26, 2008

ခေါင်း နဲ့ ပန်း


လားရာလေးဖက်မှာ
သိပ်သိပ်သည်းသည်း
ကွဲပျက်နေတဲ့မြို့ပြ … …

မာကျူရီ အလင်းက နှိုင်းရ …
ပျော့တွဲတွဲ ပလက်ဖောင်းက နှိုင်းရ …
ကားရောင်စုံက နှိုင်းရ …
ရွှေအိုရောင် ငွေအိုရောင်က နှိုင်းရ …
မြို့နေလူထုရဲ့ ပွယောင်းယောင်းမျက်နှာအရေပြားက နှိုင်းရ …
… … … နှိုင်းရ …
… … … နှိုင်းရ …
… … … နှိုင်းရ …
ကောင်းကင်နဲ့ မြေပြင်သာ မြို့ပြရဲ့ ပကတိဖြစ်တယ် … …

မေတ္တာ ခြုံလွှာ ပါးလျလာတဲ့ မြို့ပြဟာ
ည ည ကျမှ မျက်နှာသစ်ရတယ် …
အမှောင်ကို အတတ်နိုင်ဆုံးခိုရင်း
အတိတ်ရဲ့ ရွှေတခေတ်ကို လွမ်းရတယ် …
မနက်လင်းတာနဲ့
လူတွေကို မြို့ပြက
မြွေပွေး ခါးပိုက်ရပြန်တယ် … …

ဝတ်ကောင်းစားလှ မြို့ကြီးသားအပေါင်းတို့က …
မြို့ပြရဲ့ နေ့ညတွေမှာ လျှပ်ပေါ်လော်လီ ကြတယ် …
မြို့ပြရဲ့ အလှမှာ အရိပ်နေပြီး အခက်ချိုးကြတယ် …
မြို့ပြရဲ့ ရင်ခွင်မှာ ငါးပါးသီလကို ကင်းနိုင်သမျှကင်းကြတယ် … …

အုန်းမောင်းခေါက်သံနဲ့ အာရုဏ်တက်ချင်တဲ့ မြို့ပြ …
ယဉ်ကျေးမှုကို နေလိုလင်းစေချင်တဲ့ မြို့ပြ …
လူတွေကို သဘာဝဆန်ဆန်လှစေချင်တဲ့ မြို့ပြ …

မြို့ပြကိုယ်တိုင်က နှိုင်းရ …
ကောင်းကင်နဲ့ မြေပြင်သာ မြို့ပြရဲ့ ပကတိဖြစ်တယ် … …

တည်ညိမ်းကို



No comments:

Post a Comment