Friday, March 28, 2008

နှုတ်ဆက်ခြင်း

ကျန်းမာရေးအခြေအနေကြောင့် ဘလော့ရေးခြင်းမှ ရပ်နားပါတော့မယ် … ကျွန်တော်ချစ်တဲ့ ဘလော့ဂါ ညီအစ်ကို မောင်နှမများအားလုံးကို နှုတ်ဆက်ခဲ့ပါတယ်ခင်ဗျာ …

တည်ညိမ်းကို

Read More...

Wednesday, March 26, 2008

ပန်းအိုး

တိတ်တိတ်လေး ကွဲသွားတာပါ …

ရိပ်ခနဲ မြင်လိုက်သူကတော့
မျက်လုံးတစ်ချက် ဝှေ့ကြည့်တယ် …

နှင်းဆီတွေကို ထမ်းရင်း … ထမ်းရင်း
အားပြတ်သွားတာလို့ပြောကြတာပဲ …

ကြာတော့လဲ
ဒီအကြောင်းကို မပြောဖြစ်ကြတော့ဘူး …

တည်ညိမ်းကို


Read More...

Tuesday, March 25, 2008


မန္တလေးသား ကဗျာဆရာ

မန္တလေးသား ကဗျာဆရာဟာ
ကိုယ့်လမ်းကိုယ်ဖောက်ပြီးလျှောက်မယ်တဲ့ …
နောက်ဖျားကိုချည်းအနင်းခံရလွန်းလို့
ရာဘာဖိနပ်လဲ ပြတ်ခဲ့တယ် …

မန္တလေးသား ကဗျာဆရာဟာ
ရိုးဂုဏ်ကိုပဲ ကိုးကွယ်ဖို့
ကိုယ့်ကိုယ်ကို အမြဲဆုံးမတယ် …
စကားပြောလေတိုင်း
လျှာပေါ်က မြေစာခင်းကတော့
ယိမ်းလို့ … နွဲ့လို့ …

မန္တလေးသား ကဗျာဆရာဟာ
နေပူကျဲကျဲမှာ
ကဗျာအလှကို လူတကာကိုပြဖို့လုပ်တယ် …
ခပ်ပြင်းပြင်းအလင်းမှာကိုပဲ
အမှောင်တွေ တဖွဲဖွဲကျလွန်းလို့
တစ်နေ့ပြီးတစ်နေ့ ရွှေ့ဆိုင်းနေရတယ် …

မန္တလေးသား ကဗျာဆရာဟာ
ကပ်မိုး ထရံကာ အိမ်လေးကိုရောင်းပြီး
ပျောက်ကွယ်သွားတယ် …
ဒီအကြောင်းကိုစကားစပ်မိတိုင်း
ခပ်ဆိတ်ဆိတ်ရယ်သံတွေ
လွင့် … လွင့် လာတယ် …

တစ်နေရာရောက်နေတဲ့
မန္တလေးသား ကဗျာဆရာဟာ
နေ့နဲ့ ညကို ကဗျာစာအုပ်ကြားမှာ
ညှပ်ညှပ်ထားတတ်တယ် …

တစ်နေရာရောက်နေတဲ့
မန္တလေးသား ကဗျာဆရာဟာ
တစ်ခြမ်းစောင်းနေတဲ့ လမ်းမတွေကို ရှောင်ရင်း
လွယ်အိတ်စုတ်နဲ့ခရီးသွားတယ် …

တစ်နေရာရောက်နေတဲ့
မန္တလေးသား ကဗျာဆရာဟာ
လောကဓမ္မကို
ရင်ဘတ်ဟပြဲနဲ့
စွဲစွဲမြဲမြဲ သင်တယ် …

တစ်နေရာရောက်နေတဲ့
မန္တလေးသား ကဗျာဆရာဟာ
ကဗျာရဲ့အလှတရားကို
မြို့ပြနံရံမှာ
ယုံကြည်မှု ခပ်ရဲရဲနဲ့
ချိတ်ဆွဲနိုင်ခဲ့တယ် …

မန္တလေးသား ကဗျာဆရာဟာ
အဲဒီလိုမျိုး …
သူ့လှေကားသူ တက်ခဲ့တယ် … …

တည်ညိမ်းကို


Read More...

Monday, March 24, 2008


ကန့်လန့်

မနက်လင်းလာတော့
ရေမျောကမ်းတင် ခန္ဓာကိုယ်ကြီးက
စိတ်မပါလက်မပါနိုးထလာရ …

ဒီမနက်က
ခါတိုင်းလောက်မလင်းပါလားဆိုပြီး
မျက်လုံးကိုပွတ်သပ်ကြည့်တော့မှ
မျက်မှန်တပ်ဖို့သတိရလာတယ် …

မျက်နှာသစ် ၊ သွားတိုက်ရတာကိုက
မနိုင်ဝန်ထမ်းနေရသလို
လေး … လံ … လှ …

မီးဖိုခန်းသွား ...
သန့်စင်ခန်းသွား ...
အိပ်ခန်းထဲသွား ...
မီးဖိုခန်းကိုပြန်သွား ...
ငါ သောက်ရမယ့်ဆေးကို
ငါ့ ခြေထောက်တွေကိုပဲ တိုက်လိုက်တယ် …

ခန္ဓာကိုယ်ကြီးက
ပက်လက်မျောပါများလာတော့
ခါးနာရောဂါပါ စွဲကပ်လာတယ် …

ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ခန္ဓာကိုယ်ကြီးက
လုပ်နေကျအလုပ်ကို မလုပ်နိုင်ဘူး
စားနေကျအစာကို မစားနိုင်ဘူး
သတိရနေကျသူကို သတိမရနိုင်ဘူး
ရေးနေကျကဗျာကို မရေးနိုင်ဘူး …

ဖြစ်ချင်တာဖြစ်
လုံးလုံးလျားလျားလင်းမယ့် မနက်တစ်ခုဆီကိုတော့
ဒီခန္ဓာကြီးကို ဆွဲခေါ်သွားရလိမ့်မယ် …

တည်ညိမ်းကို

Read More...

Monday, March 17, 2008

အရုပ်

မနေ့က ကောက်ရခဲ့တဲ့ ပင်လယ်မှာ
အသက်ရှူသံပါမလာလို့
ရေခဲသေတ္တာထဲ ပစ်ထည့်ထားလိုက်တယ် …

ပြီးတော့မှ သတိရလို့
လှောင်အိမ်ထဲက ငှက်ကလေးကို
အပြေးအလွှား သံပတ်ပေးခဲ့ရ …

စက်ဘီးလေးကို အိပ်ရာနှိုးရင်း
မနက်စာစားဖို့
သူတစ်လမ်း ကိုယ်တစ်လမ်းသွားခဲ့တယ် …

ဒီဖက်ခေတ်ရဲ့ အသစ်လွင်ဆုံး အအေးဆိုင်တွေက
ကြံရည်တစ်မျိုးပဲ ရောင်းတော့တယ် …

ကြံရာမရတဲ့ အဆုံး
ကြံရည်ကိုပဲသောက် …
ဟိုဟိုဒီဒီငေး …
ခန္ဓာကိုယ်က တဖျစ်ဖျစ်မြည်လာမှ
အမောတကောအိမ်ပြန်ပြေးလာရ
ငါ့ကို …
သူများပေးထားတဲ့ သံပတ်လေးက လျော့နေပြီ …

တည်ညိမ်းကို


Read More...

Saturday, March 15, 2008


မျက်လှည့်

တစ်ရာသီလုံးလုံး
လင်းအုံသင်းမြခဲ့တဲ့ စံပယ်ရနံ့ဟာ
တေလေသားပေါက်ရဲ့ ရင်ဘတ်တစ်ခြမ်းကို
ခပ်ကြမ်းကြမ်းလေး စီးမိုးသွားခဲ့တယ် …

အပြုံးရှတဲ့ ဒဏ်ရာက
မှော်ဆရာတိုက်တဲ့ ကျိန်စာလို
နားစွင့်လေတိုင်း စံပယ်သံတွေကိုပဲ ကြားနေခဲ့ရ …

တစ်သက်လုံးမပိုင်ဆိုင်ချင်သူဟာ
တစ်ချိန်ချိန်မှာပစ်ချထားလိမ့်မယ် …
သစ်ရွက်တွေနွယ်တက်ချိန်မှာပဲ
မျှော်လင့်ခြင်းတွေကို ရိတ်သိမ်းပေးကြပေါ့ …

တေလေလေးရဲ့ မာတိကာမှာ
နာမည်တစ်လုံးကို ဖျက်ပြီးတဲ့အဆုံး
မီးဟုန်းဟုန်းတောက်ရင်း ပျောက်ကွယ်သွားတော့တယ် …

တည်ညိမ်းကို


Read More...


အစိမ်းနံ့ နံတဲ့ ကဗျာ

အသက်ရှူသံကိုက
ရိုးတိုးရိပ်တိတ်နဲ့ …
လက်ကျန်လောင်စာနဲ့တောက်တဲ့ မီးလို …

မဖြစ်စလောက် လက်ခုပ်သံများအတွက်
ကျွန်တော့်ညတွေကို
လေစိမ်းအတိုက်မခံလိုပါ …

အဲလို ဂရုစိုက်နေရင်းက
ဘ၀ရဲ့ အလျားဟာ
ဓါတ်တိုင်အောက်မှာ ထက်ဝက်ကျိုးခဲ့ …

ပုံတိုပတ်စ တွေပြောပြောပြပြီး
မှားလာသမျှကို အာပတ်ဖြေပေးမယ့် အမေ …
ကျွန်တော်နဲ့ နေ၀င်နေထွက်တစ်လွှာစာဝေးလို့ …
ကျွန်တော်ကလဲ …
ကိုယ့်ဓါးကိုယ် ထက်လှတယ်အထင်နဲ့
မှော်ရုံအတွင်း
ရင်ကော့ရင်း ၀င်ခဲ့မိတာကိုး …

ကျွန်တော့်မှာရှိတဲ့ ပေတံလေးနဲ့
သူတို့ရဲ့ စိတ်တွေကိုမတိုင်းနိုင်ခဲ့တာပါအမေ …

နေ နဲ့ လ ကိုမမြင်ရလောက်အောင်
ကျွန်တော်ထမ်းထားတဲ့ ၀န်ထုပ်ဝန်ပိုးတွေကလဲ
အရပ်မြင့်တယ် …

အဝေးကိုငေးရင်း ကဗျာရေးတတ်တဲ့ အကျင့်လေး
မေတ္တာနပ်မမှန်မှုကြောင့် တုန်းရုန်းလဲလို့ …
ဆန့်တငင်ငင်အသက်ရှူသံဟာ
ကြည်စင်ဝင်းပခြင်းကို အိပ်သွန်ဖာမှောက် … ရှာလို့ …

ယက်ကန်းသည်မ လို
ကျိုးကျိုးကုတ်ကုတ် ရက်လုပ်ခဲ့ရ
ဘ၀ ကိုက ကျိုးလွယ်ပဲ့လွယ်ရယ် …
အဆင်လှတာ မလှတာ အပထား
ဘ၀ရဲ့ အလျားများရှည်လာရင်
အစ မထွက်လိုက်နဲ့ …
ဆွဲထုတ်ချင်သူတွေက … များတယ် …

ထွက်မပြေးတော့ ပါဘူးကွယ် …
လွတ်မှာမှ မဟုတ်ဘဲ …
လောကဓံ ပစ်တဲ့ ကွန်ကတော့
ကျွန်တော့်ဘ၀ကို
မကျွတ်မလွတ်တော့တဲ့အထိ … ရစ်လို့ …

တည်ညိမ်းကို


Read More...

Sunday, March 9, 2008

အမျှင်

ညှို့မယ့်ညှို့တော့လည်း
ကိုယ်ဟာ ကိုယ်မဟုတ်တော့တဲ့အထိ …

ကိုယ်က လွဲရင် ကိုယ်ပါပဲထင်ပြီး
ကိုယ့်အရေကို ဆွဲဆုတ်ပြမိရဲ့ …

တစ်ယောက်အခွေဟာ
တစ်ယောက်ကို ထုံးမယ့်ကြိုးလို
လှုပ်လေတင်းလေ …

တစ်ယောက်အမြီးကို
တစ်ယောက်ပြန်မျိုရင်း
ကိုယ့်ကိုယ်ကိုတွေ့တယ် …

ဖြေဆေးအတွက်
ကိုယ့်အဆိပ်ကို အန်ချပေးတော့
လျှာနှစ်ခွနဲ့ လျက်လို့ …

အချိန်မရှိတော့ဘူး … နေရာမရှိတော့ဘူး …
ဒီမှာတင် အသက်ကိုအပ်ခဲ့မယ် …
ကိုယ့် … တွန်သံကြားလဲ
လှည့်မကြည့်နဲ့တော့ …


လူမင်း နဲ့ မိုးဟေကို တို့ပါဝင်တဲ့ “ အမျှင် ” ဗီဒီယိုဇာတ်ကားထဲက ကဗျာလေးတစ်ပုဒ်ပါ …
ဇာတ်ကားတစ်ခုလုံးမှာ ကဗျာကို ထပ်ခါထပ်ခါရွတ်ရင်းဇာတ်အိမ်ဖွဲ့ထားပါတယ် … တော်တော်များများတော့ ကြည့်ပြီးကြလောက်ပြီထင်ပါတယ် … မကြည့်ရသေးသူများအတွက်လဲ ကြည့်ဖို့ညွှန်းပါရစေ …

တည်ညိမ်းကို


Read More...

Saturday, March 8, 2008

လွင်ပြင်ထဲက အရာများ

ပျံမတက်နိုင်တဲ့ အတောင်ခတ်သံတွေက
အလိုလိုနေရင်း ကျယ်ကျယ်လာတယ် …
ပဲ့တင်သံလား …
လှိုဏ်ခေါင်းသံလား …
လေးဖက်ပိတ်မဟုတ်တဲ့
စိမ်းဖန့်ဖန့် လွင်ပြင်ထဲမှာ …

တစ်သက်လုံး တွက်ချက်လာတဲ့ ဂဏန်းပေါင်းစက်တွေ
ဓါတ်ခဲအားကုန်နေကြ …
မဲမဲပြားပြား အရာတစ်ခုဆိုတာထက်ဘာမှမပိုတော့ဘူး …
သူ့ကိုယ်သူ ဓါတ်အားပြတ်တောက်နေတယ်ဆိုတာ
မသိစိတ်ထဲမှာကိုပဲ မေ့နေကြ …
လေးဖက်ပိတ်မဟုတ်တဲ့
စိမ်းဖန့်ဖန့် လွင်ပြင်ထဲမှာ …

သစ်ပင်တွေ … သစ်ပင်တွေလေ …
အရွက် ၊ ပန်း ၊ သစ်သီး ဆိုတာကို
သူတို့ရဲ့ဝတ်ကောင်းစားလှလို့ သိပုံမရဘူး …
ရိုးတံပြိုင်းပြိုင်းနဲ့ မတ်တတ်ရပ်နေကြ …
ဂုဏ်ယူစွာ …
လေးဖက်ပိတ်မဟုတ်တဲ့
စိမ်းဖန့်ဖန့် လွင်ပြင်ထဲမှာ …

ခြေဆန့်လက်ဆန့်စီးဆင်းခွင့်မရှိတဲ့ရေတွေ …
ပတ်ကြားအက်ထဲကရေတွေ …
ရေနံ့မရတဲ့ရေတွေ …
တိုးတိတ်အိုင်ဖွဲ့နေကြ …
လေးဖက်ပိတ်မဟုတ်တဲ့
စိမ်းဖန့်ဖန့် လွင်ပြင်ထဲမှာ …

မနေ့ကအထိတော့ အဲဒါတွေပဲရှိတယ် …
နောက်နေ့တွေမှာ …
ရယ်လိုက်ငါးလိုက် နေထိုင်ပြီးတဲ့အရာတွေ
ထပ်ရှိလာအုံးမယ်လို့သိရတယ် …
လေးဖက်ပိတ်မဟုတ်တဲ့
စိမ်းဖန့်ဖန့် လွင်ပြင်ထဲမှာ …

တည်ညိမ်းကို


Read More...

Friday, March 7, 2008

တကွဲတပြား

အိမ်ကလေးထဲက
ကျွန်တော် ဒလိမ့်ခေါက်ကွေး ထွက်ကျသွားတော့ …

အိမ်ထဲမှာ
တကွဲတပြား ကျန်ခဲ့တဲ့
အကျီင်္နဲ့ ပုဆိုးလေးကိုသတိရတယ် …

အိမ်အ၀င်မှာ
တကွဲတပြား ကျန်ခဲ့တဲ့
ကတ္တီပါဖိနပ် ဘယ် ၊ ညာနှစ်ဖက်ကို သတိရတယ် …

အိမ်ခန်းတွင်းမှာ
တကွဲတပြား ကျန်ခဲ့တဲ့
ဘောလ်ပန်နဲ့ ကဗျာစာရွက်တွေကို သတိရတယ် …

ခရီးဝေးသွားတော့မယ့်
ကျွန်တော့် ကံကြမ္မာကလဲပြောပါတယ် …
တကွဲကပြား ကျန်ခဲ့တဲ့
ကျွန်တော်နဲ့ အိမ်ကလေးကို သတိရနေမယ်တဲ့ …

အဲဒီလိုနဲ့ပဲ …
“ စုံ ” ကို ခွဲထုတ်လိုက်တာ
“ မ ” တွေချည်းပဲ ကျန်ရစ်တယ် … …

တည်ညိမ်းကို


ကဗျာရပ်ဝန်းကိုပို့ထားတဲ့ကဗျာလေးကိုပြန်တင်လိုက်တာပါ … ကျွန်တော် တကွဲတပြားဖြစ်နေတာ နှစ်အတော်ကြာခဲ့ပေါ့ … မိသားစုဆိုတာကိုခွဲခွာလာလိုက်တာ အခုဆိုအလွမ်းတွေအရေထူနေပြီလေ …
ထူးပြီးတော့လဲမလွမ်းတတ်တော့ဘူး … အခုတော့စိတ်လေးပေါက်လာလို့ရေးလိုက်တာ … ပို့ထားတဲ့ကဗျာကိုလဲ စိတ်လိုလက်ရပြန်တင်လိုက်တာပါ …

Read More...

ဇစ်မြစ်

သွေးရင်းနဲ့
အသွားကြွေသွားတဲ့
ဓါးတွေတွေ့ဖူးလား …

ဆယ့်ငါးနှစ်အာမခံတိုက်တာတွေ
မြေခကြွေကျသွားတာတွေ့ဖူးလား …

ဂရမ်တီ အထပ်ထပ်ခံတဲ့
ကမ္ဘာကျော် “ ဆိုနီ ” အီလက်ထရောနစ်တွေ
တခုတ်တရ အလျော်အစားဖြစ်နေတာရောတွေ့ဖူးလား …

လတ်တလော ချမ်းသာကြွယ်ဝနေသူတွေ
ရုတ်ချည်းကွယ်ပျက်
ခွက်လက်ဆွဲနေတာရော တွေ့ဖူးလား …

ပြီးတော့ …
ဖြူစင်ပါတယ်ဆိုတဲ့ ဘ၀တွေ
နေရောင်နဲ့တွေ့တော့
နီစိမ်းဝါနေတာကိုရော
… … တွေ့ဖူးလား … …

တည်ညိမ်းကို


Read More...

Thursday, March 6, 2008

အပြန်

ဝေေ၀သီတောတန်း
စိမ့်စမ်းနဲ့ အလင်္ကာ …
တဒင်္ဂမေးသိပ်
အေးရိပ်မှာ ခ,ကာမို့
ချိုမြမြတောအစွမ်း
ဒီမောင်မှာ မကျွမ်းဖြစ်တာကြောင့် …
တစ်လှမ်းကြွမယ်မြန်းအစကိုပ
မှန်းဆကာပြည်တော်ကိုဖြင့်
မျှော်ဆင့်ကာတွေး …. ….

ဒီအရေးကိုမတွေးပေလင့် …
ငြိမ့်ညောင်းငယ်ချိုကျူ
သဇင်ဖြူကိုပန်တဲ့သက်ထား
သည်မောင့်အပါးမှာ ခွန်အားရှိပါ့ …
သဇင်ကိုပန်လို့
သပြေကိုသွေး
အမောင်ရှိရာတောတန်းကိုငေးသပေါ့
ပူနင့်ကာဆွေး … ….

မတွေးလေနဲ့ချစ်သဲဖြူ
အမောင်ပြန်အလာ ကြိုကာပါးမယ့်
သပြေပျို မောင့်သက်ထားရယ်နဲ့
သဇင်လိုသင်းတဲ့လက်ကလေးကိုလ
ကြိုလင့်ကာမွှေး … …

တည်ညိမ်းကို


Read More...

အလွှာများ

ပျော့တိပျော့တွဲ လက်တစ်စုံဟာ
တောက်တိုမယ်ရတွေ သယ်သယ်လာရင်း
ငါ့ဆီကို မကြာခဏ …
လာလာလည်တတ်တယ် …

တစ်အိမ်လုံးမီးခလုပ်မဖွင့်ခဲ့တာ
… ဟိုးတလော ကတည်းက …
တခါတခါ
အမှောင်ဟာ ငါ့ကို အမြင်ရှင်းစေတယ်ထင်လို့ …

လောင်းရိပ်အောက်ကထွက်ခဲ့စမ်း …!!!
ပြတင်းတံခါးအပြင်က ပစ္စုပ္ပန်ဟာ
အဲဒီ အသံနဲ့ အတောင်ပံတဗြန်းဗြန်းခတ်တယ် …

ငါ့ဖိနပ်ကလေးလဲ နှင်းစိုနေတာ ကြာခဲ့ပြီ …
ဒီတစ်ခါ အပြင်သွားမှ
ဘ၀နဲ့ တော်မယ့် ဖိနပ်လှလှဝယ်မယ် …
ဖိနပ်တိုက်ဆေး (ဈေးမကြီးတာ) ၀ယ်မယ် …

တခါတုန်းကတော့
အိမ်ရှေ့က စံပယ်ရုံမှာ
တနင်္ဂနွေသမီးလေးဖြတ်အသွား
အနီရောင်စံပယ်တွေနဲ့ချည်းပဲ ရဲဗလောင်းခတ်သွားဖူးခဲ့
အဲဒီကတည်းက
ညညဆို အိပ်မက်ဆိုးတွေမက်ကြောင်း
စံပယ်တစ်ရုံလုံးက အုန်းအုန်းကြိတ်ကြိတ်ပြောကြတယ် …

လှမ်းအော်ရတာလဲ … ဝေး … တယ် …
လှမ်းမျှော်ရတာလဲ … ဝေး … တယ် …
ဘယ်လောက်အထိများ နီးချင်ပါသလဲလို့မေးလာရင်
ကိုယ့်ကိုယ်ကို ပြန်မြင်ရတဲ့ အထိနီးချင်တယ် …

တည်ညိမ်းကို


Read More...

Wednesday, March 5, 2008

ဖတ်စာ ( ၃ )

ချွတ်ချော်တယ်လို့တော့မဆိုသာဘူး
တိမ်းစောင်းရုံလေးသက်သက်ပဲ …
စုဆောင်းထားအမျှကတော့
မှောက်ကျသွားခဲ့တယ် …

ကံကြမ္မာယိုစိမ့်မှုပြဿနာ
ဓနိမိုးထရံကာ လုံခြုံမှု
ပလက်ဖောင်းနံဘေးက ဆင်းရဲခြင်း
အဲဒါတွေကျတော့ ကျန်ရစ်ခဲ့ …

ဘယ်မှာလဲ လှေကားထစ်တွေ
လှေနံကိုပဲ ရမ်းရမ်းကားကား ဓါးနဲ့ထစ်နေကြ …
သူတို့ကိုယ်က ငွေစော်ပဲနံတယ် …
လူစော်မနံဘူး …

စာရိတ္တကိုရောင်းမစားရ …
သဘာဝတရားနဲ့သာလဲလှယ်ပါ …
ည ကခါးတယ်ဆိုရင်လဲ …
အာရုဏ်ကတော့ ချိုပါလိမ့်မယ် …

တည်ညိမ်းကို

Read More...

Tuesday, March 4, 2008

ဒေ၀ီ

နှင်းဆီပန်းကို
မီးနှုတ်ခမ်းနဲ့ နမ်းတဲ့ သမီးပျိုဟာ
မာယာအလင်္ကာ ကင်းရှင်းကြောင်း
ကြေးမှုံ ရှေ့မှာ လက်မှတ်ထိုးတယ် …

လ,အလင်းကို စစ်ခင်းပြီးယူခဲ့တာလဲ သူမ,ပဲ …
ည မှာတော့ဒဏ်ရာပရပွ …
အမှောင်အုပ်တွေက တိုးတိုးဆိတ်ဆိတ် ငိုကြွေးကြ
ရှိသမျှအားနဲ့ ကဗျာရေးရင်း
ညက သွေးအလိမ်းလိမ်းနဲ့ သေတယ် …
အဲဒီညက ဘယ်ပန်းမှ မပွင့်ဘူး …

တောအုပ်ကတော့
ကိုင်းဖျားကိုင်းနားတွေကို ချွန်မြရင်း
သူမ,ချဉ်းနင်းဝင်ရောက်လာရင်
မျှင်း … မျှင်းပြီးသတ်ဖို့
သေနင်္ဂဗျူဟာကို ခင်းတယ် …

နောက်တစ်နေ့ …

အလင်းတွေ တစ်ဖျောက်ဖျောက် အကျမှာ
သူမ,ဟာ
မာယာကို ဆောင်ဓါးလို မြှောက်ရင်း
တောအုပ်အတွင်းကိုဝင်တယ် …

တောအုပ်ကတော့
သူ့ဗျူဟာနဲ့သူ လှပစွာငြိမ်သက်နေခဲ့ …
သူမ,တောအလည်အရောက်မှာ
ရုတ်တရက် တောမှောက်ပစ်လိုက်ရော …
စူးရှစွာချယ်သထားတဲ့ သစ်ကိုင်းဖျားတွေက
အရင်လေးမျက်နှာက ထိုးဆွကြ …
မီးစမီးနတွေ တဖွားဖွားကျရင်း
သူမ,သေဆုံးသွားတော့တယ် …

တောမာယာဟာ
သူမ,ထက်သာကြောင်းကိုတော့
အဲဒီနေ့ကပဲ သိခွင့်ရလိုက်ပေါ့ … …

တည်ညိမ်းကို


Read More...

ဖတ်စာ ( ၂ )

အတောင်အလက်လေးစုံလာတော့ …

လူကြားသူကြားကို
ဘီးလေးလုံးနဲ့ သွားချင်လာတယ် …

လမ်းဘေးဆိုင်တွေထက်
မိုးမျှော်တိုက်ပေါ်က
တံဆိပ်ကပ် မုန့်ကိုမှ စားချင်လာတယ် …

“ တစ် ” နောက်က “ သုည ” များစွာအတွက်
ရှိစုမဲ့စု အတောင်အလက်လေးနဲ့
“ အချိုးတူ ” လဲချင်လာတယ် …

မင်းဘယ်လိုပျံသန်းမလဲကွယ် …
ရင်လေးလှချည်ရဲ့ …
အသိဆိုတာကိုတော့
မီးခလုပ်လို
ပိတ်ချည်ဖွင့်ချည် မလုပ်သင့်ပေဘူး …

နောက်ဖက်က အမှောင်ထဲမှာ
ဓါးပါးပါးလေးတွေ ၀ဲပျံနေကြ …
လှလှပပရှောင်တိမ်းတတ်ပါမှ
ဘ၀မှာ ခြေစုံရပ်နိုင်မယ် …
လူတကာရဲ့ကျောကုန်းကတော့
မင်းအတွက် လှေကားမဟုတ်ဘူး …
မင်းရဲ့ ခြေလှမ်းတွေသာ မင်းရဲ့လှေကားဖြစ်တယ် …

ဘ၀ဟာ
ကင်းဘတ်စ အလွတ်နဲ့တူတယ် …
ပန်းချီတစ်ကားကို
ကိုယ်ကိုယ်တိုင် ဆွဲနိုင်ရင်ဆွဲ
မဆွဲနိုင်ရင်တော့
သူများက ၀င်ဆွဲသွားလိမ့်မယ် …

တည်ညိမ်းကို

Read More...

Monday, March 3, 2008

ပြက္ခဒိန်ပေါ်က ကြက်ခြေခတ်များ

စံပယ်တွေ ဖွေးဖွေးလှုပ် ပွင့်ကြမှ
ဖွံဖြိုးဆဲ နိုင်ငံတော်က ကျွန်တော့် ဘုရင်မဟာ
ဗျပ်စောင်းသံတစ်အုပ်နဲ့
မိုးကုတ်စက်ဝိုင်းဆီကို
ခရီးထွက်သွားတယ် …

ကဗျာတစ်ပုဒ်တစ်လေမှ
လက်ဆောင်ပေးခွင့်မရ …
ကျွန်တော့်အလွမ်းတွေ ပဲ့တင်ခွင့်ရရင်
ကောင်းကင်ကတဆင့်
ဘုရင်မကြားပါစေ …

ဝေးသွားတာလဲ မဟုတ်သလို
ကွေကွင်းသွားတာလဲမဟုတ် …
အသံတစ်ကမ်းစာသာ
ကျွန်တော်တို့ခြားနားခဲ့ကြတာ …

လယ်ကွင်းတွေဝင်းမှည့်လာတဲ့အခါ
ဖြစ်နိုင်ရင် ...
ကျွန်တော့် ကဗျာမပြီးမချင်း
ဘယ်ငှက်မှ တေးမဆိုစေရ …
သိုလှောင်ထားသမျှ
ကာတာ ကျိုးမှ တဝေါဝေါထွက်ကျ
ဘယ်လိုအရာမှ
တားဆီးခွင့်မရှိပေဘူး …

ကိုယ့်ကိုယ်ကို လောင်တဲ့ မီးက ပိုပူတယ် …
ခြားနားခြင်းရလဒ်က
ကျွန်တော့် ပင်လယ်ကို နီမြန်းသွားစေပေါ့ …

နေ့ရက်တွေ တဖြန်းဖြန်း ပွင့်ကြ …
ကျွန်တော့် သက္ကရာဇ်တွေ တဖြန်းဖြန်း ပွင့်ကြ …
နေ့လွဲညလွဲ အလွမ်းတွေလဲ တဖြန်းဖြန်း ပွင့်ကြ …
ဘုရင်မရေ …
တခေါက်တခါဖြစ်ဖြစ်တော့ …
ကဗျာဆရာ ခေါင်းချရာအရပ်ကို ပြန်ခဲ့ကွယ် … …

တည်ညိမ်းကို

Read More...

Sunday, March 2, 2008

နာမ်

က,ပွဲ တစ်ပွဲကိုလာကြည့်ဖြစ်တော့ …

ငါက …
အမျိုးသားဝတ်စုံကိုပဲဝတ်ခဲ့တယ် …
တည်ညိမ်းကိုရေ …
မင်းကတော့ …
မီးပူတိုက်ပြီးသား
ခေါက်ရိုးကျိုးနေတဲ့ ၀တ်စုံပဲ ၀တ်ခဲ့ …

ငါက …
သမားရိုးကျတွေပဲပြောခဲ့တယ် …
တည်ညိမ်းကိုရေ …
မင်းကတော့ …
အလွတ်ကျက်ထားတာတွေပဲပြောခဲ့ …

ငါက …
သွေးစစ် ၊ သားစစ် မျက်နှာနဲ့ပြုံးနေခဲ့တယ် …
တည်ညိမ်းကိုရေ …
မင်းကတော့ …
မျက်နှာဖုံး နဲ့ ပြုံးနေခဲ့ …

က,ပွဲ စတော့ …

ငါက …
ကချေသည်တွေ က တာကိုကြည့်တယ် …
တည်ညိမ်းကိုရေ …
မင်းကတော့ …
ကနေတဲ့ ကချေသည်တွေကိုကြည့်တယ် …

ငါက …
ဂီတကို နားနဲ့နားထောင်တယ် …
တည်ညိမ်းကိုရေ …
မင်းကတော့ …
ဦးဏှောက်နဲ့ နားထောင်တယ် …

က,ပွဲပြီးလို့ အိမ်ပြန်တော့ …

ငါက …
က,ပွဲရဲ့ အလှကိုတွေးလာတယ် …
တည်ညိမ်းကိုရေ …
မင်းကတော့ …
က,ပွဲအတွက် ကုန်ကျစရိတ်ကိုတွေးလာတယ် …

တည်ညိမ်းကို


Read More...

Saturday, March 1, 2008

ပွိုင့်တာ

အပူအပင်တွေ ငြိမ်းဖို့ …
ပင်လယ်ကိုမော့သောက်ပစ်ဖို့မလို …
မေတ္တာဓါတ်များများပါတဲ့ အားတိုးဆေးကိုပဲ
တစ်နေ့တစ်လုံး
မှန်မှန် သုံးဖို့ လိုတယ် …

ဟိုဘက်ကမ်းမှာတော့
ပန်းတွေ အဆုတ်လိုက် အဆုတ်လိုက် ပွင့်နေကြပြီ …
ခင်ဗျားရဲ့ လွင်ပြင်ကို
စစ်တလင်းအဖြစ်က
အခုရပ်ပါ …

အပြစ်အနာ ဆိုတာ
ဘယ်နေရာမှမကင်းဘူး …
ငါကောင်းခဲ့ဖူးတယ်ဆိုတာကိုပဲ
ခဏခဏမတွေးနဲ့ …
“ မိတ်ဆွေကောင်းဆိုတာ ကြယ်နဲ့တူသတဲ့ …
မှောင်လေ ပိုလင်းလေ ” …

အလျော်အစားတွေ များလွန်းတဲ့အခါ …
ဘ၀ရဲ့ မြင့်မြတ်စင်ကြယ်မှုဟာ …
စစ်ပွဲပြန် မြင်းစီးသူရဲ ရဲ့
ချပ်ဝတ်တန်ဆာနဲ့တူလေတယ် …

ကတ္တီပါဖိနပ်လဲ မစီးချင်နဲ့ …
ရွှေထီးလဲ မဆောင်းချင်နဲ့ …
ပတ်ဝန်းကျင်မှာ အမှောင်လာရင်
ကောင်းကင်ကို ခပ်ရဲရဲ ပျံတက်
ကြယ်တစ်ပွင့်အဖြစ်
လင်းလက်ပစ်လိုက်ပါ …

တည်ညိမ်းကို

“ … ” ထဲက စကားလုံးများက ကျွန်တော့် ကိုယ်ပိုင်စကားလုံးများမဟုတ်ပါ … တစ်နေရာရာ ကဖတ်ရှုမှတ်သားမိလို့ ကဗျာနဲ့လဲအံဝင်ခွင်ကျဖြစ်နေတာနဲ့ ယူသုံးလိုက်တာပါ … တော်တော်ထိရောက်တဲ့ ခိုင်းနှိုင်းမှုဖြစ်လို့ ဒီထက်ထိရောက်တဲ့ စကားလုံးလဲ ရှာမရလို့ပါ …
သူငယ်ချင်းတစ်ယောက်က ဒီအကြောင်းအရာလေးကို ကဗျာအဖြစ်ရေးပြီးတင်ပေးပါဆိုလို့ ကျွန်တော်တတ်သလောက်မှတ်သလောက် ရေးသားတင်ပြလိုက်ရပါတယ် … သူငယ်ချင်းလဲ ကျေနပ်နိုင်လိမ့်မယ်လို့ထင်ပါတယ် …

Read More...