Thursday, February 28, 2008

မျဉ်း

ကံ့ကော်တစ်ပွင့်ကြွေဖို့
ကံ့ကော်ပင်ကို ကိုင်လှုပ်ခဲ့တာ မဟုတ်ဘူး …

စောင်းနေတဲ့ ကမ္ဘာပေါ်မှာနေတော့
ငါ ကလဲ
ခပ်စောင်းစောင်းပဲ မတ်တတ်ရပ်တယ် …

ငါ့ ဘ၀ မှာလဲ
အဖိတ်အစင် ရှိခဲ့တာပါပဲ
ထူးထူးထွေထွေပြန်ပြောင်းပြောပြနေဖို့မလို …

ပန်းတွေသစ္စာမရှိတဲ့ အကြောင်းကိုတော့
ပိတောက် က တခမ်းတနား ပြောပြတယ် …
အဲဒီ ကတည်းက …
သင်္ကြန်စာ မဖတ်ဘူး …
သင်္ကြန်ကဗျာ မရေးဘူး …

အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင် …
မသိုးထမင်း မသိုးဟင်း …
စာရွက်လွတ် အတော်များများ …
မှင်ချောင်း အပိုပါတဲ့ ဘောလ်ပင် …
ဒီ့ အပြင် …
ငါ့အတွက် ဘာမှမလိုအပ်ပါ …

“ အချစ် ” က
စစ်တုရင်ခုံပေါ်က “ ရထား ” နဲ့တူတယ် …
“ မေတ္တာ ” ကတော့
“ ဘုရင်မ ” နဲ့ တူလေရဲ့ …

တွဲလက်မြဲပြီး တစ်သက်လုံးပျော်ရမယ်လို့
ဘယ်တော့မှမတွေးလေနဲ့ …
ငါတို့တတွေဟာ
တစ်လှေထဲစီး တစ်ခရီးထဲသွားတွေဆိုတာကလွဲရင်
တစ်ခြားဘာမှ မပိုခဲ့ဘူး … …

တည်ညိမ်းကို


Read More...

Wednesday, February 27, 2008

ခြေရာများရဲ့ သမိုင်း

ဒီနေရာကိုရောက်ဖို့
မျဉ်းဖြောင့်တစ်ကြောင်းထဲပေါ်မှာကိုပဲ
တံခါးပေါင်းများစွာ ဖွင့်ဝင်လာခဲ့ရ … …

တစ်ချို့ တံခါးရဲ့ ဟိုဘက်မှာ …
အရသာခါးတဲ့ အမှန်တရားတွေကို တွေ့တယ် …

တစ်ချို့တံခါးရဲ့ ဟိုဘက်မှာတော့ …
ဒိုင်အိုဂျီးနီးစ် ရဲ့ ဖန်မီးအိမ်ကို တွေ့တယ် …

တစ်ချို့ တံခါးရဲ့ ဟိုဘက်မှာ …
သံတူကြောင်းကွဲ မေတ္တာတရားတွေကိုတွေ့တယ် …

တစ်ချို့ တံခါးရဲ့ ဟိုဘက်မှာတော့ …
ပေါ်လီယာနာရဲ့ ဖိနပ်တစ်ဖက်ကို တွေ့တယ် …

တစ်ချို့ တံခါးရဲ့ ဟိုဘက်မှာ …
သိုးဆောင်း ပြက္ခဒိန်စာရွက်အလွတ်တွေကို တွေ့တယ် …

တစ်ချို့ တံခါးရဲ့ ဟိုဘက်မှာတော့ …
စတီဗင်ဟောကင်းရဲ့ ၀ီးလ်ချဲဟောင်းကို တွေ့တယ် …

တံခါးအသစ်တစ်ချပ်ကို
မကြာခင်မှာ ထပ်ဖွင့်ရအုံးမယ် …
အဲဒီတံခါးရဲ့ ဟိုဘက်မှာတော့ …
ငါ့ ကိုယ် ငါ ပဲ တွေ့ချင်တယ် … …

တည်ညိမ်းကို

မကြာခင်မှာ အသက်ကတစ်နှစ်ကြီးတော့မယ့်အကြောင်းတွေးမိရင်း ဒီကဗျာကို ရေးဖြစ်သွားတာပါ …
ကျွန်တော်အရွယ်ရောက်လာတယ်ဆိုတာ သေချာပေမယ့် လူလားမြောက် ဖို့တော့ ကြိုးစားသင်ယူနေဆဲပါပဲ … အရွယ်ရောက်ခြင်းဟာ အသက်အရွယ်နဲ့ ဆိုင်ပြီး လူလားမြောက်ခြင်းကတော့ အသိဥာဏ်နဲ့ ဆိုင်ပါတယ် …

Read More...

Tuesday, February 26, 2008

နဂ္ဂတစ်

အိပ်မက်တစ်ခုထဲကိုပဲ
တစ်ညထဲ နှစ်ခါပြန်မက်တယ် …
သားကြောက်တာပေါ့ အမေရယ် … …

အိပ်မက်ထဲမှာ …

သက်ကြီးရွယ်အိုအရိပ်တွေကို
လူငယ်တွေက လိုက်နင်းကြတယ် …
အမိုက်တရားကို ဆွဲဆန့်ပြီး
တစ်ချို့လူတွေ ထောင်လွှားကြတယ် …
မေတ္တာတရားကို ယမ်းတောင့်ထဲထည့်
တစ်ယောက်ကို တစ်ယောက် “ တေ့ ” ပစ်နေကြတယ် …
အဖ နှဖူးမှာမှ
ကန်တော့ပွဲ ၊ ရာဇမတ်ကာနဲ့
သားတစ်စု သိုက်တူးနေကြတယ် …

ကြောက်လာလို့ သား ထွက်ပြေးတော့ …

မြေခွေးတွေက လမ်းပြကြတယ် …
ရန်သူမျိုး ငါးပါးက ပူးပေါင်းဖို့ခေါ်တယ် …
သူခိုးကတော့ သားကိုပြန်ပြီး ဓါးရိုးကမ်းတယ် အမေ … …

သားကလဲ
အိပ်မက်ဆိုးကလွတ်အောင်
ကိုယ့်ခုတင် အ၀န်းအ၀ိုင်းလေးလောက်ပဲ
လှည့်ပတ်ပြေးနိုင်တဲ့ ကောင်ပါ အမေရယ် … …

တည်ညိမ်းကို

Read More...

ခေါင်း နဲ့ ပန်း


လားရာလေးဖက်မှာ
သိပ်သိပ်သည်းသည်း
ကွဲပျက်နေတဲ့မြို့ပြ … …

မာကျူရီ အလင်းက နှိုင်းရ …
ပျော့တွဲတွဲ ပလက်ဖောင်းက နှိုင်းရ …
ကားရောင်စုံက နှိုင်းရ …
ရွှေအိုရောင် ငွေအိုရောင်က နှိုင်းရ …
မြို့နေလူထုရဲ့ ပွယောင်းယောင်းမျက်နှာအရေပြားက နှိုင်းရ …
… … … နှိုင်းရ …
… … … နှိုင်းရ …
… … … နှိုင်းရ …
ကောင်းကင်နဲ့ မြေပြင်သာ မြို့ပြရဲ့ ပကတိဖြစ်တယ် … …

မေတ္တာ ခြုံလွှာ ပါးလျလာတဲ့ မြို့ပြဟာ
ည ည ကျမှ မျက်နှာသစ်ရတယ် …
အမှောင်ကို အတတ်နိုင်ဆုံးခိုရင်း
အတိတ်ရဲ့ ရွှေတခေတ်ကို လွမ်းရတယ် …
မနက်လင်းတာနဲ့
လူတွေကို မြို့ပြက
မြွေပွေး ခါးပိုက်ရပြန်တယ် … …

ဝတ်ကောင်းစားလှ မြို့ကြီးသားအပေါင်းတို့က …
မြို့ပြရဲ့ နေ့ညတွေမှာ လျှပ်ပေါ်လော်လီ ကြတယ် …
မြို့ပြရဲ့ အလှမှာ အရိပ်နေပြီး အခက်ချိုးကြတယ် …
မြို့ပြရဲ့ ရင်ခွင်မှာ ငါးပါးသီလကို ကင်းနိုင်သမျှကင်းကြတယ် … …

အုန်းမောင်းခေါက်သံနဲ့ အာရုဏ်တက်ချင်တဲ့ မြို့ပြ …
ယဉ်ကျေးမှုကို နေလိုလင်းစေချင်တဲ့ မြို့ပြ …
လူတွေကို သဘာဝဆန်ဆန်လှစေချင်တဲ့ မြို့ပြ …

မြို့ပြကိုယ်တိုင်က နှိုင်းရ …
ကောင်းကင်နဲ့ မြေပြင်သာ မြို့ပြရဲ့ ပကတိဖြစ်တယ် … …

တည်ညိမ်းကို



Read More...

Monday, February 25, 2008

ဗလာ

ဆောင်းရာဇ၀င်ထဲ
မီးခင်းတဲ့ လမ်းပေါ်မှာ
ရင်ဘတ်တစ်ခြမ်းနဲ့ စုံလုံး ကန်းနေလိမ့်မယ်လို့
ဘယ်တွေးခဲ့ မိမလဲ … …

ကဗျာတွေတဟုန်းဟုန်းတောက်ပြမှ
ချစ်ခြင်းရဲ့သက်သေခိုင်မာတယ်ဆိုရင်
မင်းအကြည့်တစ်ချက်စာလောက်တောင်
ငါ့အတွေးအခေါ်တွေ
မချွန်မြခဲ့ပါဘူး … …

ချစ်သူရေ …
ငါနဲ့ ပန်းပွင့်လေး
တဖြည်းဖြည်း မဝေးပါရစေနဲ့ …
ရှာရင်းဖွေရင်းက
ပျောက်နေတဲ့ အိပ်မက်ကို
အိပ်ရာထဲက ပြန်တွေ့ခဲ့တာပါ … …

ဟောင်းနွမ်းသွားသတဲ့လား …
အဟောင်းထဲက သစ်လွင်ဆဲအရာတွေမှာ
ချစ်ခြင်းမေတ္တာလဲ ပါလေရဲ့ … …

ဒီလိုနဲ့ပဲ
တမျှော်တခေါ် … ဝေး … ကြ …
တစ်ယောက်ထဲ ရပ်နေရတာကြာတော့
နေရောင်အောက်မှာဆိုလဲ …
ငါ့ ကဗျာတွေက အရိပ်မထွက်တော့ရှာဘူး … …

တည်ညိမ်းကို



Read More...

Friday, February 22, 2008

အမှတ်တရ

ဒီနေ့ကတော့ ကျွန်တော် အရမ်းခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ဖြစ်ပါတယ် … သူများတွေလို BD ကိတ်တွေနဲ့တော့ ဧည့်မခံတော့ပါဘူး … ကျွန်တော့် သူငယ်ချင်းရဲ့ ကဗျာလေးတစ်ပုဒ်ကို မျှဝေခံစားစေချင်ပါတယ် ... ချစ်ဦးသူဆိုတာ တစ်ဘ၀မှာတော့ သေရာပါမယ့် အမှတ်တစ်ခုပါပဲ …
သူငယ်ချင်းရေ …
… ဘ၀မှာ အောင်မြင်စွာရပ်တည်နိုင်ပါစေ …
… တောင့်တခြင်းကင်းပါစေ …
… တည်ငြိမ်အေးချမ်းပါစေ …
…. သာစေချင်သော လမင်းလေး အမြန်ဆုံးသာပါစေ …
နောက်ဆုံး …
….. ဘ၀မှာ … ကောင်းမြတ်ခြင်းတွေပဲ ပြီးပြည့်စုံပါစေ … ….

တည်ညိမ်းကို

လီဂန် ( Tale )

လသာတဲ့ ညက …
လမင်းကို မျက်ရည်တွေနဲ့ ကြည့်ဖြစ်တယ် ..
သူမ ကတော့ ဝေေ၀၀ါးဝါး တွေကြားက …
… လှ … လို့ …

ကလေးတစ်ယောက်ရဲ့ အိပ်မက်လိုမျိုး
ကျွန်တော်ကလဲ တမ်းတယ် …
ခုနှစ်စဉ်ကြယ်လဲ လှချင်လှလိမ့်မယ် …
ဓူုဝံကြယ်လဲ လှချင်လှလိမ့်မယ် ….
ပြီးတော့ …
သူမ ကတော့ လှတာ သေချာတယ် … …

ယောင်ယမ်းတမ်းတလို့
အိပ်မက်တံစက်မြိတ်အောက်ကမလွတ်တဲ့အခါ
ကျွန်တော်က
အခုထိ
ထမင်းဆီဆမ်း ရွှေလင်ပန်းကို မွတ်သိပ်တဲ့သူ …

ငိုနေတဲ့ မျက်ဝန်းတွေကို
ပွတ်သပ်ကြည့်ရင်းက
လမင်းဟာ ..
သူ့ကိုယ်သူ ခြုံလွှာတစ်စနဲ့ ကာတယ် … …


ကျွန်တော်ကတော့
အမှောင်တွေကို ကြောက်တဲ့သူ …

လေပြေညှင်း တွေတိုးသက်
ခြုံလွှာတွေ တလက်လက်နဲ့ ပြေကျ …
ကျွန်တော်ကလဲ
လ , အလင်းနဲ့ လှချင်သူ …. …

သန်းနိုင်စိုး


ကျွန်တော် ချစ်ရတဲ့ကောင်မလေးတယောက် ကိုခံစားပြီးဖွဲ့ဆိုထားတဲ့ ရင်မှလာသောစားသားဆိုရင် မငြင်းပါဘူး။ချစ်ရတယ်ဆိုတာထက် မြတ်နိုးရတယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။ကဗျာဆိုတာ ရင်တွင်းကခံစားချက်ကို ဖွင့်ထုတ်ခံစားမှုလို့ ကျွန်တော်ယူဆတယ် ။ခံစားမှုဆိုတာကလည်းထပ်တူကျချင်မှကျမှာပါ။ခံစားချက်ခြင်းထပ်တူကျတဲ့ကဗျာဖတ် ပရိတ်သတ်တွေအတွတ် ကဗျာ ရသ တခုခုကိုပေးနိုင်မယ်ဆိုရင်…… ……

သန်းနိုင်စိုး








Read More...

Wednesday, February 20, 2008

လွမ်း ( ၂ )

လေးထောင့်စပ်စပ် ပုံစံမျိုးထဲ
ခန္ဓာတစ်ခုလုံး ရိုက်ချိုးလဲ
ဝင် မ သွားတာက ခက်တယ် … …

ထောင့်စွန်းတစ်ဖက်မှာပဲ တစ်ဆို့
ငါဆိုတဲ့ ကောင်ကလဲ
အဲဒီလိုပဲ ခေါက်ရိုးကျိုးခဲ့ … …

မင်းရဲ့လက်တွေ
သိမ်းနှုတ်သွားမှာကလွဲလို့
ဘာဆိုဘာမှ မကြောက်တဲ့သူ … …

မြင်ဖူးရုံနဲ့ လွမ်းတာမဟုတ်ခဲ့ဘူး …
ချစ်ဦးသူပဲ ပြောပါတော့ …
အဲဒီကောင် …
မင်းနာမည်တစ်လုံးစာကို
သက္ကရာဇ်နဲ့ ချီပြီး
ရပ်တန့်ပြနေအုံးမှာ … …

တည်ညိမ်းကို

Read More...

လွမ်း

အပြာရောင် အိပ်မက်လေး ကတော့
မဟောင်းနွမ်းဘူး …

သူမ စိတ်ဆိုးရတာ အခါခါ
ကျွန်တော်ကလဲ
ဟောင်းမြဲ … ဟောင်းဆဲပဲ … …

အတွေးအခေါ်တွေ
မသစ်လွင်နိုင်တဲ့ အခါ
ဘ၀က …
ကိုယ့် အနံ … ကိုယ့်အလျားနဲ့ ကိုယ် …
ပိန်ပြီး ဟောင်းနွမ်းလို့ … …

အတွေးအခေါ် ရေသောက်မြစ်ကလဲ
အိမ်ကျို အိမ်ကြား
ကျက်စားလို့ … …

ချစ်သူရေ …
အလျားအနံ မသိတဲ့
ငါ့ရဲ့ ချစ်ခြင်းမေတ္တာ ကျန်းမာရေးချို့တဲ့မှုကို
ခွင့်လွှတ်တယ်လို့မယူဆပဲ
ခွင့်လွှတ်ပါ … …

ချစ်ခဲ့မိတာ သေချာပေမယ့်
ချစ်ခြင်းတရားကိုပြမယ့်
ငါ့ သီအိုရီတွေကို
စောင့်အုံမယ် … …

တည်ညိမ်းကို


Read More...

Saturday, February 16, 2008

ချစ်သူများနေ့ ကစားပွဲ အမှတ်တရ

ဘလော့ရပ်ကွက်ထဲမှာ အတူတကွ အေးအေးချမ်းချမ်း နေထိုင်ကြတဲ့ ညီအစ်ကိုမောင်နှမတွေကို ပိုမို ရင်းနှီးနွေးထွေးစေတဲ့ ကိုသားဖြိုးရဲ့ ချစ်သူများနေ့ အမှတ်တရကစားပွဲလေးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါပြီ …

ကစားပွဲလေးအတွက် ညီအစ်ကိုမောင်နှများရဲ့ စုပေါင်း အကဲဖြတ်ပေးမှုနဲ့
ကျွန်တော် ၊ ကိုဆိုးသွမ်း နဲ့ မပန်းခရေ တို့က ကြိုက်နှစ်သက်ရာ ကဗျာတစ်ပုဒ်စီ တောင်းဆိုခွင့်ရကြပါတယ် … ကျွန်တော်ကတော့ ကျွန်တော်ချစ်ရသူလေးအတွက် ကဗျာလေးတစ်ပုဒ် တောင်းဆိုလိုက်ပါတယ် ( အသေးစိတ်သိချင်သူများ တိုးတိုးတိတ်တိတ် မေးမြန်းနိုင်ပါတယ် … ဟီး) … ကိုသားဖြိုးလက်ဆောင်ပေးသော ကဗျာလေးကို ပို့စ်အဖြစ်တင် အမှတ်တရ တင်လိုက်ပါတယ် …
ကျွန်တော် ချစ်ရသူလေး အတွက် အမှတ်တရဖြစ်ပါစေ …


သိမ်ငယ်စိတ်လေးထားခဲ့ပါ

သံယောဇဉ်တစ်ခုက
မျက်ဝန်းမှာကြိုးချည်
ရင်ထဲမှာခံစားချက်အစစ်နဲ့
ငါ့နှုတ်ခမ်းတစ်စုံ
တုန်ရီစွာ ပြောခဲ့တယ်။ မင်းကို ချစ်တယ် လို့

ချိုချိုလေးပြုံး
အမုန်းကို မယုံ
အချစ်စစ်သာ ဆုံချင်လို့
မေးခွန်းလေးတစ်ခု
ပြန်မေးမိတယ်။ ချစ်ရဲ့လား လို့

ငါ့သစ္စာဆို
ဤကမ္ဘာပြိုလည်း
ချစ်ယွင်းမပျက်
ဘ၀ဆက်တိုင်
ရည်စူးချစ်မှန်
သူတုန့်ပြန်သည်။
ကြင်ယာဖက်သည် ငါဖြစ်၏ တဲ့။ ။

ချစ်တော့ချစ်ပြန်
ကံကြမ္မာစေရာ
သွားကြပြန်ရာ
သူသည်တစ်ခြား
ငါ့အနားမှာ
အလွမ်းဆိုတာ ထားခဲ့သည်။

ငိုမျက်ရည်လွယ်
ချစ်သူ့ရင်ဝယ်
သိမ်ငယ်စိတ်လေး ၀င်နေပြီလားကွယ်။ ။

ဆုံဖို့သာခွဲ
ချစ်သူ့စိတ်ထဲ
ထိုစွဲမှတ်လျက်
ပညာကြိုးစား
ရည်ရွယ်ထားသမျှ လုပ်ဆောင်လေ။ ။

ကံကြမ္မာဖန်
တို့နှစ်ယောက်အမှန်
ချစ်သည်ဆိုပြန်
သူသည်နားလည်
အချစ်စစ်မှန်လို့
တို့နှစ်ယောက်ကို ဆုံဆည်းပေးလိမ့်မယ်လေ။ ။

Read More...

ကျောင်းပုံပြင်

ကျောင်းတော်မှာ နေသာတိုင်း
ခပ်မှိုင်းမှိုင်း စာသင်ခန်းလေး
ပန်းရနံ့တွေနဲ့ မွှေးပျံ့စင်ကြယ်လို့ … …

ကြင်နာသူ ရှေ့ပြေး
လွယ်အိတ်ပြာလေးရဲ့ ခြူသံ …
မပျံသန်းနိုင်သော
ကျွန်တော့်ရဲ့ ခုံတန်းရှည်ကဗျာများ …
ငွေ့ရည်ဖွဲ့ အိပ်မက်များနဲ့ရူးမိုက်
အဖြူအစိမ်းဝတ် “ အက်ဖရိုဒိုက် ” ကို
လှိုက်လှိုက်လှဲလှဲ ချစ်ခဲ့တယ် … …

ခြေလှမ်းတိုင်း လင်းပြ
ညတကာတို့ရဲ့ ကြယ်မလေး …
မျက်စောင်းထိုး အံကြိတ်
ခိုးကြည့်တဲ့မျက်ဝန်းတွေကိုလဲ
တိတ်တဆိတ် မှိတ်ပစ်တတ်တယ် … …

ရူးခဲ့တာပါကွယ် …
အလွမ်းနဲ့ နက္ခတ် တူခဲ့လေသလား …
ကျွန်တော့်ရဲ့ အိပ်ပိတ်စာတွေလဲ ကြေမွ
“ အိမ်ရှေ့မရပ်ရ ” အမိန့်တော်မှာလဲ
အသေအချာ ရိုကျိုးခဲ့ပါတယ် … …

ရာဘာဖိနပ်စီးသူရဲ့ အချစ်က
သူမ အတွက်တော့
ကျမ်းတစ်စောင် ပေတစ်ဖွဲ့ မဖြစ်ခဲ့ပါဘူး … …

ကိုယ့်ကိုယ်ကို ထူမရတာ အခါခါ
လမင်းရဲ့တော်ဝင်လက်ထပ်ပွဲမှာတော့
မမှီတဲ့ ပန်းကိုနမ်းချင်တဲ့ တေလေလေး
မီးလင်းဖို နံဘေးမှာ အလွမ်းခြုံရင်း
မသေချာခြင်းတွေပဲ
လင်းအုံခဲ့ရပေါ့ … …

တည်ညိမ်းကို

( “ အက်ဖရိုဒိုက် ” = အချစ် ၊ အလှ နတ်ဘုရားမ )


Read More...

Thursday, February 14, 2008

( ချစ်သူများနေ့ အမှတ်တရ )

ချစ်သူများနေ့မှာ ဘာလုပ်ရင်ကောင်းမလဲ လို့ေ၀၀ါးနေတဲ့ ကျွန်တော့် ကို ကဗျာလွယ်အိတ်တစ်လုံးနဲ့ ခရီးသွားနေတဲ့ သားဖြိုးက မေးလ် တစ်စောင်ပို့လာပါတယ် …
ချစ်သူများနေ့မှာ ကစားပွဲလေးတစ်ခု လုပ်ချင်တဲ့အကြောင်းပါ … ကိုသားဖြိုးရဲ့ အစီအစဉ်ကတော့ ဒီလိုပါ …
…..

mypoembag: ကျွန်တော်တို့ ဒီနေ့ညမှာ ချစ်သူများနေ့ အမှတ်တရအဖြစ် ဘလောဒ်ဂါညီအစ်ကို မောင်နှမများ ပျော်ရွှင်စရာ ကစားပွဲလေးတစ်ခု ကျင်းပပါမယ်...
********************************************************

ဒီကစားပွဲလေးကို ကျွန်တော် ပြုလုပ်ရခြင်း အကြောင်း(၃)ချက် ရှိပါတယ်....

(၁) ကျွန်တော်ဟာ ဒီဘလော့ဒ် လောကထဲ ၀င်ရောက်လာပီး ကတည်းက ခင်မင်ရင်းနှီးခဲ့ရတဲ့
အပေါင်းသင်း ဘလော့ဒ်ဂါတွေ အားလုံးနဲ့ တစ်ခါမှ ပျော်ပွဲဆိုတာကို မဆုံဖူးသေးပါဘူး။

(၂) ခုလိုပျော်ပွဲလေးတစ်ခုလုပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုတွေ ဒီထက်ပိုပြီး ရနိုင်မလား။

(၃) တစ်ကမ္ဘာလုံးမှာ ချစ်သူများနေ့ ဆိုတဲ့အထိမ်းမှတ်နေ့လေး ပြုလုပ်ကျင်းပနေ့ချိန်မှာ ကျွန်တော့်
အတွေးတစ်ခု ၀င်လာခဲ့တယ်။ ချစ်သူဆိုတိုင်း ကျွန်တော့်တို့တွေဟာ ကိုယ်ရေးတဲ့ ဘလော့ဒ်လေးကို
ကိုယ်တိုင် ချစ်မြတ်နိုးကြတယ်... အဲ့ဒါဟာ ကျွန်တော်တို့ ချစ်သူပဲလေ... ဒါကြောင့် ဘလော့ဒ်ဂါ
ညီအစ်ကို မောင်နှမတွေ အားလုံးဟာ ကိုယ့်ချစ်သူ တစ်ယောက်ဆီကို ပိုင်ဆိုင်ကြတယ်။ အဲ့ချစ်သူကို
ဘာလက်ဆောင်များပေးကြမလဲ။

အဲ့ဒီ (၃)ချက်လေးဟာ အဓိပ္ပာယ် မပြည့်စုံပေမယ့် နွေးထွေးမှုလေးတစ်ခုတော့ ရနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ကစားနည်းလေး သုံးမျိုးလောက်ပါပဲ။ အများကြီးတော့ မဟုတ်ပါဘူး။ လွယ်လွယ်လေးတွေပါ။

(၁) ကိုယ့်ရဲ့ နာမည်ကို (ဘလော့ဒ်နာမည် ဖြစ်ဖြစ် ကိုယ့်နာမည်ဖြစ်ဖြစ်) အချစ်အတွက် တစ်ခုခုဖေါ်ညွှန်းမယ့်
စာသားလေး အဖြစ်ပြောင်းရအောင်။

ဥပမာ... ကိုလွမ်းစေ ကို ကျွန်တော် အချစ်အတွက် ဖေါ်ညွှန်းပါ့မယ်။

အချစ်နဲ့ ပက်သတ်မိသမျှ "လွမ်း" ဆွေးဖို့ချည်းသာ အချည်းနှီးသက်သက်ဖြစ်ခဲ့ရတယ်။
ဒါပေမယ့် နင် "စေ" သမျှ ငါဆိုတာ လိုက်ရောခဲ့တာချည်းပဲ။

*စည်းကမ်းချက်
ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။



(၂) ချစ်သူ့ အခေါ်ဝေါ်လေး။

ဥပမာ... ကိုမောင်မျိုးက သူ့ချစ်သူကို တိုက်ရိုက် မပြောရဲဘူးဖြစ်နေတယ်။ ပြောလည်း ပြောချင်တယ်
ပြောရမှာလည်း ကြောက်နေတယ်။ အဲ့ဒီမှာ ဟာသလေးနှောပြီး မသိတသိလေးပြောလိုက်တယ်။

"မောင်" ရယ်လို့ ခေါ်စေချင်ပေမယ့် အနားမှာ သူက မရှိ။
အ"မျိုး"မျိုးလှည့်ပတ်ကာ ခေါ်ခိုင်းပါသော်လည်း သူက ငမျိုးတဲ့။

*စည်းကမ်းချက်*
ကိုယ့်နာမည် တစ်လုံးကို စာတစ်ကြောင်းပဲ ရိုက်လို့ ရတယ်နော်။


(၃) ချစ်သူ့လက်ဆောင်။

လူတိုင်းက ကိုယ့်ချစ်သူကို ချစ်သူများနေ့မှာ ချောကလက်လေးတစ်ခု လက်ဆောင်ပေးကြတယ်။
ဒါပေမယ့် ခုကျွန်တော်က နည်းနည်း ခေတ်ပြောင်းလိုက်မယ်ဗျ။ ချောကလက်ခေတ်ကို ခေါက်ထားခဲ့မယ်။
တော်တော် အဖိုးတန်တဲ့ စာသားလေးနဲ့ ချစ်သူ့လက်ဆောင် အဖြစ်ပြောင်းမယ်။ ဘာလို့လဲဆိုတော့
ကို့ရင်ထဲက ခံစားချက်လောက် ချောကလက်က တန်ဖိုးမှ မကြီးနိုင်တာကိုးဗျ။

ဥပမာ... အမှတ်စဉ်လေး နဲ့ လက်ဆောင်ပေးကြည့်မယ်။

(၁)တစ်သက်တာ ထာဝရ
(၂)နစ်နစ်ကာကာချစ်မြတ်နိုးရပါတယ်
(၃)သုံးနှစ်သုံးမိုး
(၄)လေးလေးနက်နက် စောင့်ခဲ့ရသူမို့
(၅)ငါးရာနှစ်ဆယ့်ရှိလို့သာ ပြောခဲ့ရင်လေ
(၆)ခြောက်ကပ်စွာ
(ရ)ခွန်အားတွေ မဲ့ပြီး
(၈)ရှစ်ခွင်နယ်တစ်ခုလုံး
(၉)ကိုးကွယ်ရာ ရှာမရဖြစ်တော့မယ်
(၁၀)ဆယ်ကြိမ်မြောက် ကတိပေးပါတယ်ကွာ
တစ်သက်မှာ တစ်ယောက်သာ ချစ်ပါ့မယ်လို့။

အဲ့လိုပေါ့ဗျာ။

*စည်းကမ်းချက်*
ကိုယ်ရေးနိုင်သလောက်သာ ရေးသားနိုင်ပါတယ်။
.........................................................................................

ကစားနည်းကတော့ ဒီသုံးမျိုးပါပဲ။ ဘလော့ဒ်ဂါညီအစ်ကို မောင်နှမများရဲ့ အချိန်လေးတွေကို ငှဲ့ညှာပြီး ဒါလေးတွေပဲ ကစားပါ့မယ်။

ကိုယ်ကစားထားသမျှ (ကိုယ့်စိတ်ကြိုက်ဖေါ်ညွှန်းထား)တဲ့ စာသားများကို mypoembag@gmail.com ကိုဖြစ်ဖြစ်
ဂျီတော့မှာ add ပြီးတော့ ဖြစ်ဖြစ် ပေးပို့ကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ။

ဒီကစားနည်းလေးတွေကိုလည်း အချိန်ကန့်သတ်ထားပါတယ်။ မြန်မာ စံတော်ချိန် ည ၁၁နာရီမှ ၁၁း၃၀အထိသာ
ခွင့်ပြုချိန် ပေးမှာဖြစ်ပြီး အားလုံးကို ကျွန်တော့် ဘလော့ဒ်မှာ ပြန်တင်မှာဖြစ်ပါတယ်။ ကစားနည်း တစ်ခုစီကို ချစ်သူများနေ့
တစ်နေ့လုံး အမှတ်ပေးမှာပါ။

အမှတ် အများဆုံး ရရှိသူ (၂)ယောက်ကို ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

ပထမဆု ရရှိသူကို ကျွန်တော် မောင်သားဖြိုးက (ဆုရရှိသူ) နှစ်သက်ရာကဗျာ တစ်ပုဒ်
သူကြိုက်တဲ့ (ကောင်လေး(သို့)ကောင်မလေး)နှစ်ယောက်စာ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဒုတိယ အမှတ် အများဆုံး ရရှိသူကိုတော့ (ဆုရရှိသူ) နှစ်သက်ရာ ကဗျာတစ်ပုဒ် တောင်းဆိုနိုင်ပါတယ်။

ကစားပွဲလေးကတော့ ဒါပါပဲခင်ဗျာ။
အားလုံး ကိုယ့်ချစ်သူကို ဘယ်လောက်ထိ ချစ်ကြပါသလဲ။ ကိုယ်ချစ်မယ့်သူကို ဘယ်လောက်ထိများ စောင့်စားနိုင်ကြမလဲ။ အချစ်နဲ့ ပတ်သက်ပြီး လူသားတိုင်း
ပျော်ရွှင်နိုင်ဖို့ ကျွန်တော် စိတ်ကူးရှိသမျှလေး လုပ်မိတာပါ။ အမှားပါခဲ့ရင် ခွင့်လွတ်ပေးကြပါခင်ဗျာ။
*****************************************************************************************************************

ကျွန်တော် လက်လှမ်းမှီသလောက် ဘလော့ဒ်ဂါတွေကို မေးလ်ပို့ထားပါတယ်။ ကျွန်တော့်ကို ကူညီပြီး ဒီကစားနည်းလေးကို ဘလော့ဒ်ဂါ အားလုံးထံ မေးလ်ပြန်ပို့ပေးကြပါနော်။


အဲဒါနဲ့ပဲ ကျွန်တော်လဲ တတ်သည့်ပညာမနေသာဆိုသလို မကြီးမငယ်နဲ့ ၀င်ကစားဖြစ်ပါတယ် … ကျွန်တော်က မေးခွန်းအားလုံးကို ကဗျာတစ်ပုဒ်ထဲနဲ့ပဲ ပြန်ဖြေထားပါတယ် …

ကစားပွဲ

ဆောင်းကိုခြွေဖို့ “ နေ ” ရောင်တွေ ချွန်မြကြ …
အဲဒီခဏ … အ “ ရာ ” ရာကလှတယ် …
ဆောင်းရေ … “ လွတ် ” အောင်ပြေးပါကွယ် …
မကြာခင် … ဖေဖော်ဝါရီက အားအင်ခပ် “ များ ” များနဲ့ လာတော့မယ် …

အသေအချာ “ တည် ” ရှိနေတဲ့ ချစ်ခြင်းမေတ္တာနဲ့ …
ပန်းအိုးထဲက “ ငြိမ်း ” ချမ်းရေးနှင်းဆီ …
အပြာရောင်နဲ့ထုတ်ပိုးလို့ … ချစ်သူဆီ “ ကို ” လက်ဆောင်ပို့ချင်တယ် …

(၁) တစ်ခါသာစိုစွတ်ခွင့်ရဖို့
(၂) နှစ်ပေါင်းများစွာ စောင့်စားရ
(၃) သုံးရာသီရဲ့ အလှဆုံးအနမ်းပွင့်လေးကိုပေါ့ …

(၄) လေးညို့သံကိုမှ
(၅) ငါးတို့မကြားနိုင်သလိုမျိုး …
(၆) ခြောက်ကပ်အေးစက်ခြင်းကိုမှ
(၇) ခွန်အားကုန်နဲ့ အံတုနေတဲ့ လယ်စောင့်တဲလိုမျိုး …
(၈) ရှစ်မျက်နှာအရပ်အားလုံးမှာမှ
(၉) ကိုးကွယ်ရာရှာနေရတဲ့ မျက်နှာမွဲပုရွက်ဆိတ်တစ်ကောင်လိုမျိုး …

မင်းကိုယ်တိုင်
(၁၀) ဆယ်ယူခဲ့တဲ့ ကျောက်တုံးလေး …
လမ်းအိုလေးကို လွမ်းနေတယ် … …


အတော်လေးခေါင်းစားခဲ့ရတဲ့ ကစားပွဲလေးပါ … ဆုစာရင်းကိုတော့ ၁၆ ရက်နေ့မှာ ကြေညာပါမယ်တဲ့ … ဒီကြားထဲမှာ စိတ်ပါဝင်စားသူများ
http://mypoembag.myanmarbloggers.org
မှာ မဲပေးရွေးချယ်နိုင်ပါတယ် …
ပျော်ရွှင်စရာ ကောင်းပါတယ် … ပြီးတော့ ချစ်သူများနေ့ကို အမှတ်ရနေစေပါတယ် …. ခေါင်းစားခဲ့ရတာကလွဲရင် ကိုသားဖြိုးရဲ့ ကစားပွဲလေးကို ကြိုက်ပါတယ် … ကျွန်တော်သာဆုရခဲ့မယ်ဆိုရင်တော့ ကိုသားဖြိုး အလှည့်ပေါ့ … ဟီးဟီး …

Read More...

Wednesday, February 13, 2008

( ချစ်သူများနေ့ အမှတ်တရ )


ဆယ့်လေးယောက်မြောက် အိန်ဂျယ်

ကြယ်လေးတွေ လင်းအားကျလို့
သူမ မျက်တောင်ဖျားမှာ
ပြေးဝင်ပုန်းခိုရတဲ့ ည … …

အပြာရောင်ခြုံလွှာတစ်စ
ခပ်ဖွဖွလေး မ ရင်း
ဆင်ဖိုနီ အမှတ် ( ၉ ) ကို
သူမ က စိတ်ကူးနဲ့ ဆိုတယ် … …

သနပ်ခါးမြေကိုမှ ခြေကျူးမိတဲ့
ကျွန်တော့်ရဲ့ အိပ်မက်ဦးကို
သူမ က
အကြည့်တစ်ချက်နဲ့
တလက်လက် သတ်တယ် … …

ပြီးတော့မှ …
ချောကလက်ရည်တွေ သုတ်လိမ်း
ကျွန်တော့်အိပ်မက် ၀ိညာဉ်စိမ်းကို
လေးညို့သံ ခပ်ပြင်းပြင်းနဲ့
အသက်ပြန်သွင်းတယ် … …

နှင်းမှုံနှင်းစက်တွေက
ဖြူလွှလွှ ကတ္တီပါစတွေ ဖြန့်ခင်း အားပေးကြ …
ပန်းပွင့်တွေက
ဝတ်ဆံရင်ဘတ်ကို တဗြန်းဗြန်းဖွင့်ပြီးအားပေးကြ …
မုတ်သုံရနံ့ကတော့
သူမ ရဲ့
ရွှေရည်စွတ်စိုတဲ့ ပါးပျိုနှစ်ဖက်မှာ
မှေးစက်ခစားကြ … …

ကျွန်တော့်အိပ်မက်နဲ့ သူမ ကလဲ
အသန့်ရှင်းဆုံး လွင်ပြင်မှာ
လင်းလက် ကခုန်ကြ …
သူမ ကိုယ်သင်းရနံ့က
မွတ်သိပ်စွာဖွင့်ခဲ့မိသော ပန်ဒိုရာရဲ့ သေတ္တာ …
သူမအလှက
မျဉ်းပြိုင်တို့ကို ဆုံစေသော အမှတ် …
သူမ အသံက
စိန့် ဗယ်လင်တိုင်းတီးသော နောက်ဆုံးခေါင်းလောင်းသံ … …

တည်ညိမ်းကို



Read More...

( ချစ်သူများနေ့ အမှတ်တရ )


ဖေဖော်ဝါရီ

လမ်းမှားလာတဲ့ မုတ်သုံက
ကျွန်တော့်ရင်ခွင် ကိုင်းဖျားမှာ
လမ်းကြုံ လို့ လာနားတယ် … …

ပြီးတော့ …
နား နားကို ဖြည်းဖြည်းချင်းကပ်ပြီး
နွေ နွေ ချင်းထပ်ရင် … မြင့်မြတ်တဲ့အကြောင်းပြောတယ် … …

အဲဒီနောက်တော့ …
ကျွန်တော်က
ကော်ဖီရောင် ချောကလက်မှာ
အသဲတံဆိပ်တွေ ကပ်လို့ … …

သူမ ကတော့
ကျွန်တော့် ရင်ခွင် ကိုင်းဖျားမှာ
ရွှင်ရွှင်ပြုံးပြုံး … နားလို့ … …

တည်ညိမ်းကို


Read More...

Tuesday, February 12, 2008

ဓါး

ငါ့ အိမ်လေးရဲ့ အကျယ်အ၀န်းကတော့
…. မှိုင်းဝေ အုံပြတယ် …

စစ်မောင်းသံတွေနဲ့လဲ ယဉ်ပါးခဲ့ …
မြေမှုံမြေသင်းတို့နဲ့လဲ ယဉ်ပါးခဲ့ …
သွေးစိမ်း ရွှင်ရွှင်နဲ့လဲ ယဉ်ပါးခဲ့ …

ငါ့အိမ်လေးရဲ့ အကျယ်အ၀န်းကတော့
… သင်းဝေလင်းချင်းတယ် …

အောင်ပွဲခံ ဗျပ်စောင်းသံတွေနဲ့လဲ ယဉ်ပါးခဲ့ …
စမ်းချောင်းရေတို့နဲ့လဲ ယဉ်ပါးခဲ့ …
လက်တစ်ဆုတ်စာ နံ့သာရနံ့တို့နဲ့လဲ ယဉ်ပါးခဲ့ …

ငါ့အိမ်လေးရဲ့ အကျယ်အ၀န်းကတော့
… ချွန်မြ လှပတယ် …

လူနဲ့ချက်တဲ့ ၀ိုင်အရက်တွေနဲ့လဲ ယဉ်ပါးခဲ့ …
ကွေးတဲ့လက်တွေဆန့်သွားတဲ့
ဆန့်တဲ့လက်တွေကွေးသွားတဲ့
လက်ဖျစ်တစ်တွတ်စာဘ၀တွေနဲ့လဲ ယဉ်ပါးခဲ့ …
ငါ့အိမ်မှောင်မှောင်လေးနဲ့လဲ
ထာဝရ ယဉ်ပါးနေသေးရဲ့ … …

တည်ညိမ်းကို




Read More...

Monday, February 11, 2008

တနယ်တကျေး

ချစ်သူရှိတဲ့ အရပ်ကို
ဆွေးဆွေးမြေ့မြေ့ ငေးကြည့်တော့
အလွမ်းတွေဝေနေတဲ့ လေထုထဲမှာ
နှလုံးသားတစ်ခုတွေ့တယ် …
နှင်းဆီရိုးတံလေးတစ်ခုတွေ့တယ် … …

ဒီလိုပဲ
ရင်ရိပ်နားမရှိတဲ့ မင်းအကြောင်းကွန်ပစ်တော့
အိပ်မက်အသေတွေရတယ် …
မကျက်တကျက်အနမ်းတွေရတယ် …
စုံတွဲသီချင်း တစ်ခြမ်းရတယ် …
အလွမ်းခန်းက မျက်ရည်မသုတ်ရပဲ
ခပ်လွယ်လွယ်ခြောက်ကပ်ခဲ့
နေ့ရက်ဆက်ခဲ့မှုနဲ့အတူ
တို့တတွေရဲ့ ဓါတ်အားပြတ်တောက်မှုက
သေချာလွန်းခဲ့ပြီ … …
မင်းသစ်နီ

( “ ၀င်္က ကချေသည် ” မှ )


Read More...

ပျံသန်းခဲ့မှုရဲ့ မာတိကာ

ငါ့ မနက်ခင်းလေးပေါ့
အာရုံကို မြင်လိုဇောနဲ့
နောက်လိုက်တွေကို သော့မခတ်မိဘူး … …

မနေ့က ပုံပြင်တွေပြောတုန်းက
ငါ့အလံလေးကို
ကြိုးလျော့ ချထားခဲ့ရတယ် … …

မနက်ဖြန်ကိုသွားဖို့
လက်မှတ်တစ်ရွက်ကို
ရင်ဘတ်နဲ့ဆက်ပြီး ဖြတ်ခဲ့ရတယ် … …

မက်ဖြစ်ခဲ့တဲ့
အိပ်မက်ဝတ်ရည်တည်စ
ပန်းတစ်ပွင့်အကြောင်း
ရင်မှာ ရှေးဟောင်းနှောင်းဖြစ်တွေ ဖြစ်လို့ … …

အိပ်မက်တွေ လွယ်ခဲ့
ဒုက္ခတွေ စိုခဲ့
ရင်ဘတ်က လောင်ကျွမ်းလို့
ငတ်မပြေတဲ့ ခရီးကိုပဲ
လျှောက်နေမိသူ … …

မင်းသစ်နီ

( “ ၀င်္က ကချေသည် ” မှ )


Read More...

အလင်းငွေ့

ရင်ခွင်ထဲလက်နဲ့
ဒီနေ့…
ကျွန်တော် နေ့ ကို
ဂရုတစိုက်ထွက်ခဲ့တယ် … …

မြေပြင်မှာလည်း
နေခြည်နုနုနဲ့တောင် မတည့်တဲ့
ပန်းတွေရှိတယ် … …

သူကတော့
ကြွေအိုရောင် နှင်းဆီတံတိုင်းမှာ
လိပ်ပြာနှင်ဖို့
မုတ်သုံကို စောင့်တယ် … …

ချစ်သူ …
စာတွေမသင်ပဲ ကဗျာတွေသင်ပါ …
ပြီးရင် … သင့်နှလုံးသားကို
ကျွန်တော့် ဥယျာဉ်မှာထားပါ … …

ယွန်းသဲ့မိုး

( “ ၀င်္က ကချေသည် ” မှ )


Read More...

Saturday, February 9, 2008

လယ်သမား

မြေလွတ်မြေရိုင်းကိုမှ
ဆွဆွလာလိုက်တာ
ထုံဝေသင်းမြ
စပါးခင်းလေး လှလာတယ် … …

လယ်ယာဆိုမှတော့
မိုးလိုမယ် …
သြဇာလိုမယ် …

ဘယ်တော့မှ စိတ်ဓါတ်မကျကြေး
ကိုယ့်စပါးခင်းလေးကိုယ်
နွေးထွေးပါစေလားကွယ် … …

တည်ညိမ်းကို

( အခုတလော … ကျွန်တော်ရင်းနှီးသော ဘလော့ဂါများ ယာယီ (သို့မဟုတ်) အပြီးအပိုင် အငြိမ်းစား ယူနေကြတာ ကြုံနေရပါတယ် … သူတို့မှာတော့ အကျိုးအကြောင်းရှိပေမယ့် ကျွန်တော့် အတွက်ကတော့ စိတ်မကောင်းမိတာအမှန်ပါ … ခင်မင်ဆုံဆည်းမယ်လို့ကြံခါရှိသေး … ဝေး တော့မဝေးချင်ပါ … ဒီအတွက် ကဗျာလေးစပ်မိပါတယ် … အားအင်တစ်မျိုးများ ပြန်ဖြစ်လာမလားပေါ့ … ကျွန်တော် တတ်နိုင်တာကတော့ ဒီလောက်လေးပဲရှိပါတယ် … ပြန်လာနိုင်ကြပါစေ … )

Read More...

Friday, February 8, 2008

မှော်ရုံ

သံချေးအလိမ်းလိမ်းနဲ့ လူတွေလေ
နွေခေါင်ခေါင်မှာ ကိုပဲ
မျက်နှာဖုံးတစ်ထောင်နဲ့ ရွေ့လျားကြ …

တိုက်တာတွေက ဘိလပ်မြေကို ဆာလောင်ကြ
မော်တော်ယာဉ်တွေက လောင်စာကို ဆာလောင်ကြ
သူတို့ရဲ့စိတ်ဓါတ်တွေကတော့ အိုင်အိုဒင်းဓါတ်ကို ဆာလောင်ကြ

ကြည့်စမ်းပါအုံး အမေရယ် …
ကျွန်တော့်ရဲ့
သွေးနဲ့ကိုယ် သားနဲ့ကိုယ် အမှန်တရားလေး
ဟောဟိုက မီးတိုင်အောက်မှာ
မြှုပ်ထားခဲ့ရတာ …
… ကြာပေါ့ …

ညတွေကလဲ
မာယာအဆင်းနဲ့ … လင်းလို့ …

ဒီလိုနဲ့ပဲ
ကျွန်တော်နဲ့ မြို့လေး
ရင်ချင်းအပ်ရင်း ဝေးခဲ့တယ် … …

တည်ညိမ်းကို




Read More...

Thursday, February 7, 2008

ဖတ်စာ

တောင်းဆိုး ပလုံးဆိုး မို့လို့သာပစ်လိုက်ရတယ်
တစ်ဘ၀လုံးကို မျှောပြီး ရက်လုပ်ခဲ့ရ … …

လမ်းဘေးဓါတ်တိုင်အောက်က အရိပ်ဟာလဲ
ငါ့ အရိပ်ပါပဲ … …
အတင်းအဓမ္မ ရောင့်ရဲ စရာမလို
ဘ၀ဆိုတာကြီး လဲပြိုခဲ့ရင်
ကိုယ့်ကိုယ်ကို ထူမနိုင်ဖို့ကိုပဲ
အရင် သင်ကြားပါ … …

လူတကာမှာ
နားကိုယ်စီပါရဲ့ …
ဆူညံသံတွေအကြား
သာယာသံလေးတစ်ခုတစ်လေများကြားနိုင်မလား
ထုတ်နုတ်နားဆင်တတ်ဖို့ကိုပဲ
အရင်သင်ကြားပါ … …

လူပြောသူပြောများတဲ့အခါ
ချွတ်ချော်မှုတွေ လမ်းပြလို့
သူများ တံထွေးကွက်ထဲကျခဲ့ရင်တောင်
အပြုံးလေးဖော်ရင်း
ပက်လက်မျှောတတ်ဖို့ကိုပဲ
အရင်သင်ကြားပါ … …


စိတ်တွေရှုပ်ထွေးနေလို့ ချရေးမိတဲ့ ကဗျာလေးတစ်ပုဒ်ပါ … မကောင်းမှန်းသိပေမယ့်
ရေးပြီးရင် မလွှင့်ပစ်ရက်တဲ့ ကျွန်တော့်အကျင့်ကြောင့် ပို့စ်အဖြစ်တင်လိုက်တာပါ …
ဒုက္ခခံပြီး ဖတ်ပေးကြပါအုံး …

တည်ညိမ်းကို


Read More...

စက်ရပ်သတင်း

ခွဲခွာမှုက ရင်ကိုတဆစ်ဆစ်
နေရာဒေသက မိုင်ပေါင်းထောင်ချီ
တဖက်နဲ့တဖက်
အမြင်မှား အဆင်မှား
ကိုယ့်ရင်မှာ အဖျားသွေးရှိလာပြီ … …

မင်းအကြောင်းပြန်ဆိုတေးက
စကားလုံးတွေအလွဲလွဲ
နှလုံးသားအတွက် ဓါတ်စာ
ဒီတစ်ခါ
တည့်တည့်လွဲတယ် … …

ရင်မှာ မင်းရစ်သမ်လေးထည့်ပြီး
စက္ကန့်တွေ စိမ်ထားဖြစ်ချင်တာ
ကိုယ်မျှော်လင့်တဲ့
မင်းရဲ့ စက်ရပ်သတင်းက
ရင်ကိုမှော်ဝင်ရမယ့်အစား
အဆွေးအမြေ့ တစ်ခုစာတောင်
အရိပ်မပေးခဲ့ …
ပြောရင်း …
ဒီဖက်မှာ …လေပူတွေ ဝေ့ခတ်လာပြန်ပြီ … …

မင်းသစ်နီ

( “ ၀င်္က ကချေသည် ” မှ )


Read More...

မိုးစက်ရုပ်ကြွင်း

မိုးပွင့်တွေ ထစ်ချုန်းရွာလို့
ကောင်းကင်တောင်
မကြည့်ဖြစ်တာကြာပြီ … …

အဆိပ်တက်ဘာသာဗေဒကို
မြေပြင်မှာ ပျိုးစမ်း
ခုနှစ်ထွေ ရှစ်ထွေအလွမ်းနဲ့
သံစဉ်တွေသေခဲ့ကြ … …

မျက်ဝန်းစူးလဲ့လဲ့ရေ …
ငါ … ဘယ်လိုပုံစံနဲ့
ဟောင်းနွမ်းရ … ဟောင်းနွမ်းရ … …

ပန်းလေးတစ်ပွင့်
စကြာဝဠာ အလယ်မှာပွင့်လို့
ကောင်းကင်ကြီးကိုဖောက်ဖို့
တိမ်ဆူးတွေလဲ ဖူးကုန်ကြပြီ … …

ယွန်းသဲ့မိုး

( “ ၀င်္က ကချေသည် ” မှ )

Read More...

Wednesday, February 6, 2008

ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်

ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ်

အသည်းနှလုံးမှာ ကျွဲပုခုံးထအောင်
တစက်စက်ပေါင်းခံပြီးမှ ကျလာတဲ့အရည်
ဘယ်သူပြောလဲ … ကဗျာဆိုတာ မိုးကျရွှေကိုယ် … …

အိပ်ငိုက်နေတဲ့ ကဗျာကျမ်းကြီးကပြောတယ်
ငါနမ်းခဲ့တဲ့ ပန်းခက်တွေထဲ
ရနံ့သင်းဆဲ ဆောင်းတွေသာပြင်းနွဲ့
ညှင်းသွဲ့သွဲ့ဗျပ်စောင်းသံဟာ
မရဏလက်တို့ရဲ့ အနုပညာပြကွက်ဖြစ်တယ် … …

ကဗျာဆိုတာ မိုးကျရွှေကိုယ်တဲ့
သူတို့ပြောကြတာပေါ့
အနုပညာဆိုတာကရော အပွင့်မဲ့ပန်းလား
ငါတို့နမ်းခဲ့တဲ့ ကဗျာတွေကတော့
မာယာမဲ့ပန်းတိုင်ဆိုတာ သေချာတယ်
… လာ … … လှမ်းစို့ … …

ပုဂ္ဂိုလ်စွဲနေသမျှ
တို့တွေမျက်စိမွဲနေမယ်ပ
ကဗျာရဲ့ရင်ခတ်သံဟာ ခံစားချက်ရဲ့မျဉ်းပြိုင်
အလင်းပြိုင်ကျရင် တို့ပိုင်တဲ့ ဆုံချက်တိုင်း
ကမ္ဘာတစ်သက် ၀င်းလက်တောက်ပနေရမယ်ဆိုတာ … ယုံ … …

ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်
ကဗျာဟာ သက်မဲ့ဒြပ်မဲ့ ဗီတာမင်အပြည့်နဲ့ ခြံထွက်သီးနှံများဖြစ်ရဲ့ …
ကဗျာဆရာရဲ့ ရေလောင်းပေါင်းသင်ပျိုးနုတ်ခြင်းမှာ
စိမ်းစိုသန်မာလာခြင်းလည်း ဖြစ်ရဲ့ … …

အာရုဏ်တက်လင်းကြက်တွန်သံရဲ့ ကနဦးမှာ
တစ်မနက်စာအတွက်
နိုးတ၀က်အိပ်ပျက်ညတွေထုဆစ်
ရင်ဘတ်အငှားချခံရသူ
တစ်ကျွန်းစံ ရာဇ၀တ်ကောင်လည်း ဖြစ်ရဲ့ … …

အလွမ်းတွေဝေလို့ အနမ်းတွေ သွေရတဲ့အထဲ
ငါတို့ရင်ဘတ်တွေ နွမ်းကြွေရမတဲ့လား
မသေချာပါဘူးကွယ် …
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့ရင်တောင်
ကိုယ့်ရင်ငွေ့ကိုယ် ပါးပါးလေးလှုံချင်နေတဲ့ကောင်တွေပါ …

ဟောဒီမှာကွယ် …
ကဗျာဆရာတွေရဲ့ ၀ိဥာဉ်တွေကို ချခင်းထားတယ် …
အသွေးအရောင်မဲ့တဲ့လေထုထဲမှာ
မင်းတို့ရဲ့ သစ္စာတွေနဲ့အတူ
လိုက်ဖမ်းလိုက်ကြပေါ့ … …

မပြုံးဘူးလို့နေလိုက်တာ
ဒြပ်စင်ချင်းတွေ့လို့
ဒီကနေ့ …
ငါတို့ ဓါတ်ပြုလိုက်ကြတယ် … …

မတွေ့ကြတော့ဘူးလို့ပါပဲ
ဒီလိုနဲ့ တစ်ဘ၀လုံးတွေ့ခဲ့ကြ
ဘယ်တော့မှ မပြောကြလေနဲ့
ကဗျာဆိုတာ
… “ မိုးကျရွှေကိုယ် ” … …

( တည်ညိမ်းကို + ChIroN + တင့်ထူးရွှေ + ဖြိုးငယ် + မျှားပြာ + ညိမ်းညို )


Read More...

Monday, February 4, 2008

ရွာတစ်ရွာ


ရွာတစ်ရွာ


ငါ့ဘ၀ကိုက
ကဗျာနဲ့ မိုးထားတဲ့ အိမ် … …

မြေလွှာအစင်းစင်းကြွေလဲ
ဖြူလွှလွှ အခင်းလေး
အဲဒီ အိမ်လေးထဲမှာရှိတယ် … …

အစားအစာကျွေးစရာမလို
ငါပြန်လာရင် ကဗျာနဲ့ ကြိုတဲ့
ငှက်ကျားအိုလေးလဲ ရှိတယ် … …

ရနံ့ သတ်သတ်
အရသာ သတ်သတ် သစ်သီးများ
ဧည့်ခန်းထဲက စားပွဲပေါ်မှာ ရှိတယ် … …

သံစဉ်ချင်းတူပြီး
ငါကဗျာရွတ်ရင် မညူစူတဲ့
ပတ်ဝန်းကျင်မရှိဘူး … …

တစ်မိုးထဲအောက်မှာ
တစ်မျိုးထဲပေါက်မယ့်
သစ်ပင်တွေမရှိဘူး … …

ဒီပုတ်ထဲကဆိုပေမယ့်
ဒီပဲက မျက်စေ့လည်ပြီးရောက်လာတယ်ဆိုတာ
သိတဲ့လူမရှိဘူး … …

ပြီးတော့ …
ငါသေသွားတယ်ဆိုတာကိုလဲ
သိတဲ့လူ
မရှိခဲ့ပါဘူး … …

တည်ညိမ်းကို






Read More...

Sunday, February 3, 2008

မီးပန်း

မီးပန်း

နှင်းဆီကို ရိုကျိုးဖို့
ငါ့ကို
ဓားမိုးပြီး မပြောကြနဲ့ … …

မီးမျှားတစ်စင်းလို
လင်းလင်းချင်းချင်း ဖူးတဲ့
သူမ ရဲ့ဆူးတွေအတွက်
( ဒီတစ်သက် )
ငါ ဒူးထောက်လိမ့်မယ် မဟုတ်ပေဘူး … …

နေရောင်ကို ညှို့သိမ်းတဲ့
အသဲရောင်ပွင့်ဖတ်တွေကို ထိန်းပါ …
ကောင်းမြတ်ခြင်းကို မွမ်းမံပါ …
နီလွင်ရှင်းတောက်ခြင်းကို ပေးပါ …
မွှေးမြမှုနဲ့
သင့်မာယာတို့ကို သတ်ပါ … …

အဝေးကကြားနိုင်တဲ့ ရနံ့ခြေသံတို့ရေ …
အဆိပ်တွေ တလူးလူးနဲ့တော့
ငါ့ မြို့ရိုးဆီ ခြေဦးမလှည့်နဲ့ …
ချစ်ဦးသူ အိပ်မက်ချိုမှာ
ဒီတစ်ဆောင်းလောက် ခိုအုံးမယ် … …

မသဲမကွဲ လင်းနေမယ့်အစား
စိတ်ချလက်ချ မှောင်ပစ်လိုက်
သိထားပါသလား … ?
တိမ်တိုက်ကို အနာတရဖြစ်အောင်
ဘယ်သူမှမလုပ်ကူနိုင်ဘူးဆိုတာ … …

မီးလိုအရောင် နဲ့
ကိုယ့်ဝတ်ဆံကိုယ် လောင်ကျွမ်းပြင်းပြ
မုတ်သုံလာရင်စစ်ခင်းမယ့် စံပယ်ရနံ့တို့
( အခုပဲ )
လွင်ပြင်တစ်ခုစာ
သင်းရှကြပြီ … … …

တည်ညိမ်းကို




Read More...

လရောင်ကို ငတ်မွတ်ခြင်း

လရောင်ကို ငတ်မွတ်ခြင်း

ခေါင်းလေးမော့လို့
အဝေးကို မျှော်ကြည့်
လမင်းကို မထိတဲ့ ရင်မှာ
မိုးတွေ ရွှဲလို့ … …

ရင်ဝှက်အလွမ်းတစ်ပုဒ်မှာ
ကြက်ခြေခတ် နေ့စွဲတွေ
တစ်ရွက်ပြီးတစ်ရွက်
ဒိုင်ရာရီမှာ ဆုတ်ပစ်လိုက်မယ် … …

ဒီတစ်ခါ လ ကွယ်ပြီးရင်တော့
ငါ့ရင်ကို ဟင်းလင်းဖွင့်ထားပါ့မယ် …
နေ၀င်နေထွက်အကြား
မင်းသနားစိတ်ထားပြီး … ရင်ပေါ်ကြွေမလားပေါ့ … …

မျှော်လင့်ရင်းနဲ့ပဲ
ရင်ခုန်သံ တိုးတိတ်
ချစ်သလားမေးရင်
ခေါင်းလေးပဲ ညိတ်ပြပါ … …

မင်းသစ်နီ

( “ ၀င်္က ကချေသည် ” မှ )


Read More...

ပုံပြင်ဆန်တဲ့လူ

ပုံပြင်ဆန်တဲ့လူ

တစ်ရာသီနဲ့တစ်ရာသီ
သဘောထားတွေကွဲ
ဒီလိုနဲ့ … လမ်းခွဲခဲ့ကြ … …

ဘယ်ရာသီနဲ့မှ မတည့်တဲ့ဆောင်း
သူဟာ …
မိုးစက်တွေကိုလွတ်အောင်ရှောင်တယ် … …

လေယူခပ်တိမ်းတိမ်းမှာ စကားစိမ်းဆိုကြ …
ပန်းအိုရောင် တိမ်ပွင့်တဲ့ည
လူမသိ သူမသိ
နှင်းမှုန်တွေနဲ့ လင်းအုံခဲ့ရ … …

“ ၇ ” ရက်မြောက် အိပ်မက်တွေပေမယ့်
မွှေးပျံ့စင်ကြယ်လို့ …
နူးညံ့တဲ့မနက်ဖြန်တွေ
အနာတရ ဖြစ်ခဲ့ပေမယ့်

ကျွန်တော် …

ကမ္ဘာဦးက ရုပ်ကြွင်းလို
တန်ဖိုးတစ်ခုအတွက်
ဟောင်းနေခဲ့ရ …
တစ်ခါတစ်လေ
စံပယ်တွေကို
ရောင်စုံဖူးစေချင်သူ … …

လမ်းခွဲအရောက်မှာ
ဖောက်ထွက်ရမယ့် မီးတောက်မို့
နဲနဲတော့ ကောက်မယ် … …

ယွန်းသဲ့မိုး

( “ ၀င်္က ကချေသည် ” မှ )

Read More...