Saturday, February 16, 2008

ချစ်သူများနေ့ ကစားပွဲ အမှတ်တရ

ဘလော့ရပ်ကွက်ထဲမှာ အတူတကွ အေးအေးချမ်းချမ်း နေထိုင်ကြတဲ့ ညီအစ်ကိုမောင်နှမတွေကို ပိုမို ရင်းနှီးနွေးထွေးစေတဲ့ ကိုသားဖြိုးရဲ့ ချစ်သူများနေ့ အမှတ်တရကစားပွဲလေးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါပြီ …

ကစားပွဲလေးအတွက် ညီအစ်ကိုမောင်နှများရဲ့ စုပေါင်း အကဲဖြတ်ပေးမှုနဲ့
ကျွန်တော် ၊ ကိုဆိုးသွမ်း နဲ့ မပန်းခရေ တို့က ကြိုက်နှစ်သက်ရာ ကဗျာတစ်ပုဒ်စီ တောင်းဆိုခွင့်ရကြပါတယ် … ကျွန်တော်ကတော့ ကျွန်တော်ချစ်ရသူလေးအတွက် ကဗျာလေးတစ်ပုဒ် တောင်းဆိုလိုက်ပါတယ် ( အသေးစိတ်သိချင်သူများ တိုးတိုးတိတ်တိတ် မေးမြန်းနိုင်ပါတယ် … ဟီး) … ကိုသားဖြိုးလက်ဆောင်ပေးသော ကဗျာလေးကို ပို့စ်အဖြစ်တင် အမှတ်တရ တင်လိုက်ပါတယ် …
ကျွန်တော် ချစ်ရသူလေး အတွက် အမှတ်တရဖြစ်ပါစေ …


သိမ်ငယ်စိတ်လေးထားခဲ့ပါ

သံယောဇဉ်တစ်ခုက
မျက်ဝန်းမှာကြိုးချည်
ရင်ထဲမှာခံစားချက်အစစ်နဲ့
ငါ့နှုတ်ခမ်းတစ်စုံ
တုန်ရီစွာ ပြောခဲ့တယ်။ မင်းကို ချစ်တယ် လို့

ချိုချိုလေးပြုံး
အမုန်းကို မယုံ
အချစ်စစ်သာ ဆုံချင်လို့
မေးခွန်းလေးတစ်ခု
ပြန်မေးမိတယ်။ ချစ်ရဲ့လား လို့

ငါ့သစ္စာဆို
ဤကမ္ဘာပြိုလည်း
ချစ်ယွင်းမပျက်
ဘ၀ဆက်တိုင်
ရည်စူးချစ်မှန်
သူတုန့်ပြန်သည်။
ကြင်ယာဖက်သည် ငါဖြစ်၏ တဲ့။ ။

ချစ်တော့ချစ်ပြန်
ကံကြမ္မာစေရာ
သွားကြပြန်ရာ
သူသည်တစ်ခြား
ငါ့အနားမှာ
အလွမ်းဆိုတာ ထားခဲ့သည်။

ငိုမျက်ရည်လွယ်
ချစ်သူ့ရင်ဝယ်
သိမ်ငယ်စိတ်လေး ၀င်နေပြီလားကွယ်။ ။

ဆုံဖို့သာခွဲ
ချစ်သူ့စိတ်ထဲ
ထိုစွဲမှတ်လျက်
ပညာကြိုးစား
ရည်ရွယ်ထားသမျှ လုပ်ဆောင်လေ။ ။

ကံကြမ္မာဖန်
တို့နှစ်ယောက်အမှန်
ချစ်သည်ဆိုပြန်
သူသည်နားလည်
အချစ်စစ်မှန်လို့
တို့နှစ်ယောက်ကို ဆုံဆည်းပေးလိမ့်မယ်လေ။ ။

3 comments:

  1. သိမ်ငယ်စရာ မရှိပါဘူး .. ကောင်းတယ် ဗျာ :D

    ReplyDelete
  2. ကိုတည်နဲ့ကိုတည်ချစ်သူလေး ပြန်လည်ဆုံစည်းနိုင်ပါစေရှင်...

    ReplyDelete
  3. ကိုတည်ငြိမ်းရေ.. ကဗျာလေး ဖတ်သွားပါတယ်။ အရမ်းကောင်းတာပဲနော်။ အကိုတို့ မြန်မြန်ဆုံစည်းနိုင်ကြပါစေ။

    လေးစားစွာဖြင့်
    မေပျို

    ReplyDelete