Wednesday, February 27, 2008

ခြေရာများရဲ့ သမိုင်း

ဒီနေရာကိုရောက်ဖို့
မျဉ်းဖြောင့်တစ်ကြောင်းထဲပေါ်မှာကိုပဲ
တံခါးပေါင်းများစွာ ဖွင့်ဝင်လာခဲ့ရ … …

တစ်ချို့ တံခါးရဲ့ ဟိုဘက်မှာ …
အရသာခါးတဲ့ အမှန်တရားတွေကို တွေ့တယ် …

တစ်ချို့တံခါးရဲ့ ဟိုဘက်မှာတော့ …
ဒိုင်အိုဂျီးနီးစ် ရဲ့ ဖန်မီးအိမ်ကို တွေ့တယ် …

တစ်ချို့ တံခါးရဲ့ ဟိုဘက်မှာ …
သံတူကြောင်းကွဲ မေတ္တာတရားတွေကိုတွေ့တယ် …

တစ်ချို့ တံခါးရဲ့ ဟိုဘက်မှာတော့ …
ပေါ်လီယာနာရဲ့ ဖိနပ်တစ်ဖက်ကို တွေ့တယ် …

တစ်ချို့ တံခါးရဲ့ ဟိုဘက်မှာ …
သိုးဆောင်း ပြက္ခဒိန်စာရွက်အလွတ်တွေကို တွေ့တယ် …

တစ်ချို့ တံခါးရဲ့ ဟိုဘက်မှာတော့ …
စတီဗင်ဟောကင်းရဲ့ ၀ီးလ်ချဲဟောင်းကို တွေ့တယ် …

တံခါးအသစ်တစ်ချပ်ကို
မကြာခင်မှာ ထပ်ဖွင့်ရအုံးမယ် …
အဲဒီတံခါးရဲ့ ဟိုဘက်မှာတော့ …
ငါ့ ကိုယ် ငါ ပဲ တွေ့ချင်တယ် … …

တည်ညိမ်းကို

မကြာခင်မှာ အသက်ကတစ်နှစ်ကြီးတော့မယ့်အကြောင်းတွေးမိရင်း ဒီကဗျာကို ရေးဖြစ်သွားတာပါ …
ကျွန်တော်အရွယ်ရောက်လာတယ်ဆိုတာ သေချာပေမယ့် လူလားမြောက် ဖို့တော့ ကြိုးစားသင်ယူနေဆဲပါပဲ … အရွယ်ရောက်ခြင်းဟာ အသက်အရွယ်နဲ့ ဆိုင်ပြီး လူလားမြောက်ခြင်းကတော့ အသိဥာဏ်နဲ့ ဆိုင်ပါတယ် …

5 comments:

  1. အကိုကြီးရေ ခြေရာများရဲ့ သမိုင်း ကိုကြိုက်တယ်ဗျ။
    လူလားမြောက်ဖို့ ကဗျာတွေများများဖတ်ရမယ်ထင်ပ :P
    ပျော်ရွှင်ချမ်းမြေ့ပါစေ :)

    ReplyDelete
  2. ကောင်းတယ်.. ကိုတည်ညိမ်းကို ရေ.. ကဗျာလေးက .
    အသက်တွေတစ်နှစ်ကြီးလာတာနဲ့ အမျှ တည်ငြိမ်ရင့်ကျက်လာတာ ကောင်းတယ်.. ကိုယ့်သမိုင်းကိုယ်ရေးတဲ့ လူ့လောကကြီးမှာ အကိုပြောသလို နောက်တံခါးတစ်ချက် လှပ်လိုက်တာနဲ့ ကိုယ့်ကိုကိုယ်ပဲ တွေ့ချင်တယ်..

    ReplyDelete
  3. အရမ်းကောင်းတာပဲ။ အကို့ ကဗျာလေးတွေက သိပ်မိုက်တယ်။ နှစ်သက်စွာ အားပေးနေပါတယ်။

    ReplyDelete
  4. မျဉ်းကဗျာရဲ့အောက်ဆုံးအပိုဒ်ကိုကြိုက်တယ်ဗျာ။ပြီးတော့ မေတ္တာတရားဟာ ဘုရင်မနဲ့တူတယ်ဆိုတာလဲဂွတ်တယ်ဗျ။အစ်ကိုက အပြင်မှာ ကဗျာဆရာလားမသိဘူး။ကျနော်ကတော့ မရေးဖြစ်တော့ဘူး။သူများရေးတာပဲလိုက်ဖတ်ပြီးနှစ်သိမ့်နေရတာ။

    ReplyDelete
  5. ဒိုင်အိုးဂျီးနီးစ်ရဲ့ မီးအိမ်ကမီးစာတစ်စ ပေါ်လီယာနာရဲ့ဖိနပ်တစ်ဖက်က သဲကြိုးတစ်ချောင်း စတီဗင်ဟော့ကင်းရဲ့ ဝှီးချဲအဟောင်းက ဝင်ရိုးတစ်ချောင်း ကဗျာသမိုင်းထဲက ကဗျာဆရာတစ်ယောက်ရဲ့ နာမည်တစ်လုံး တည်ညိမ်းကိုတဲ့ အဲ့လိုတင်စားနိုင်ပါတယ်

    ReplyDelete