Thursday, January 31, 2008

တံခါး

တံခါး

ဘယ်သူဆွဲဖွင့်လိုက်တာလဲ
ငါ့ခန္ဓာနဲ့ ကွယ်ထားတဲ့
အဲဒီ ပြတင်းတံခါးကို … …

လေ၀င်လေထွက်စာရင်းကို
နေ့စဉ် မစစ်ချင်လို့ … …

လမ်းကြုံဝင်လာတတ်တဲ့
ထွေရာလေးပါး အန္ဓ တွေနဲ့
လက်တစ်လုံးခြား
ရှောင်ရှားချင်လို့ … …

မျက်နှာဖုံးယဉ်ကျေးမှု နဲ့ အသပြာကင်ဆာ
အဲလို မြို့ပြ တိုက်ပွဲတွေ အကြား
ရိုးရိုးသားသား မဖေါက်ပြားချင်လို့ … …

နောက်ဆုံး … …
စားပွဲပေါ်က ရနံ့မဲ့သစ်သီးလေး
လေသွေးရင်း … အေး … အေး သွားမှာစိုးလို့ … …

တွန်းတွန်းတိုက်တိုက်
အတင်းဆွဲပိတ်ထားတာ
… ကြာပေါ့ …

ဘယ်သူဆွဲဖွင့်ခဲ့တာလဲ …
ငြိမ်းအေးနေတဲ့ အခန်းလေး
နေ့ချင်းညချင်း
အရေခွံ လဲ ခံလိုက်ရတယ် … …

တည်ညိမ်းကို

Read More...

အိပ်မက်ထဲကပုံပြင်

အိပ်မက်ထဲကပုံပြင်

စည်းရိုးတွေ ခိုင်ခံ့နေမှတော့
မျက်ဝန်းလေးတစ်စတောင်
ကျူးကျော်ခွင့်မရ … …

ကိုယ်တစ်ဖက်ထဲလေးလံ …
ရာသီခေါ်ဝေါ်ပြောင်း …
ကိုယ့်မှတ်တိုင်လေးက မိုးစိုဆဲ …
သက္ကရာဇ်နဲ့အတူ … ဘ၀က
ပြိုပြိုလဲကျ … …

မျက်လွှာလေးအ၀င့်မှာ
နှလုံးသားလေးလွင့်ကျရတာ အခါခါ …
တစ်နေရာနဲ့ တစ်နေရာ အရွှေ့မှာတောင်
ပါးလျှပ်ခဲ့ရတဲ့အဖြစ် … …

“ မ ” က … …
သံယောဇဉ်ရဲ့ မြစ်ကျဉ်းလဲဖြစ် …
အိပ်မက်ထဲက ပုံပြင်လဲဖြစ် …
ဖောရိမ်းမိတ် ပန်းသီးလဲဖြစ် …
နှလုံးသားရဲ့ နဂ္ဂတစ် ဟောင်းလဲဖြစ် …
ကျွန်တော့် ရင်ခွင်ရဲ့ …
နယ်ချဲ့ ဘုရင်မလဲ ဖြစ်ခဲ့ဖူးတယ် … …

မင်းသစ်နီ

( “ ၀င်္က ကချေသည် ” မှ )


Read More...

ကြေးသွန်းနှင်းဆီ

ကြေးသွန်းနှင်းဆီ

နတ်သမီးအစောင့်ခံထားရတဲ့ မီးပုံတဲ့
အိပ်မက်မဆန်ချင်စမ်းပါနဲ့ …
ကြည့်စမ်းပါအုံး …
… မလှမပ … ည …ကဗျာ … တစ်ပုဒ် …
ပျော်ဝင်ငြိမ်သက်ဆဲ … …

သစ္စာတရား … … ခါးတယ် …
မြင်ရ တွေ့ရကြာတော့လဲ … …

ရဲ့ရင့်ရီဝေတဲ့ သက်ရှိ …
ပန်းချီကားတစ်ချပ်လို တလှပ်လှပ်
စေးထိုင်းနေတဲ့ မာနနဲ့
အမြင်မပါဘဲ ထုဆစ်သည် … …

အမှောင် အမှောင်ချင်းထပ်
တွန့်ဆုတ်ကြေကွဲ …
မင်းရဲ့ ပုံပေါ်စမျက်လွှာအောက်မှာ
စူးစူးစိုက်စိုက် … ကြွေဆင်းခဲ့တယ် … …

ကဲ … …
နှစ်သက်ပါလေစ …
မမီမကန်းနဲ့ လွမ်းရဲတဲ့ကောင် …
တွန်းတွန်းတိုက်တိုက်နဲ့
တစ်နွေခွဲစာလောက် မိုက်ခဲ့ပြီ … …

မိုးခေါ်ဗုံသံတွေနဲ့
ကောင်းကင်က ညိုရီလဲ့
သူသူကိုယ်ကိုယ် လျှောက်တဲ့လမ်းမှာ
သက်တံ့တွေ အစမ်းပွင့်နေကြပြီ … …

ယွန်းသဲ့မိုး

( “ ၀င်္ကက ကချေသည် ” မှ )




Read More...

Wednesday, January 30, 2008

ဝင်္ကကချေသည်ကို ပြန်လည်အသက်သွင်းခြင်း




ကျွန်တော် ကျောင်းသားဘ၀မှာ ကဗျာစာအုပ်တွေတော်တော်များ ရေးဖြစ် ၊ ထုတ်ဝေဖြစ်ပါတယ် …
ထုတ်ဝေတယ်ဆိုတာကလဲ ကြီးကြီးကျယ်ကျယ်တော့မဟုတ်ရပါဘူး … ကိုယ့်အ၀န်းအ၀ိုင်းသေးသေးလေးထဲက သူငယ်ချင်းတဖြစ်လဲ ကဗျာပရိသတ်များအတွက် ၊ နောက်တစ်ခုကတော့ အမှတ်တရလေးတွေအဖြစ် ရည်ရွယ်ခဲ့ရခြင်းပါ …
ဒီ “ ၀င်္ကကချေသည် ” ကဗျာစာအုပ်လေးကတော့ ဘ၀မှာ အမှတ်တရ အဖြစ်ဆုံး ကဗျာစာအုပ်လေးပါပဲ … စာရေးသူများကတော့
ChIroN ၊ မင်းသစ်နီ ၊ ယွန်းသဲ့မိုး ၊ ကျွန်တော် တည်ညိမ်းကို တို့ဖြစ်ပါတယ် … ကဗျာစာအုပ်လေးထဲက ကဗျာများကိုတော့ ကျွန်တော် နဲ့ ChIroN တို့ရဲ့ ဘလော့တွေမှာ ထပ်တူတင်ပြသွားပါ့မယ် … ကဗျာစာအုပ်လေး ပြန်ရလာအောင် စွမ်းဆောင်ပေးတဲ့ ChIroN ကိုပဲကျေးဇူးတင်နေရပါတယ် …ကျွန်တော့်မှာက ကော်ပီမရှိခဲ့ဘူးဗျ …
ကျောင်းတော်ထဲက ကျွန်တော်တို့ရဲ့ ရင်ခုန်သံများ ကို မျှဝေခံစားပေးကြပါအုံးဗျာ …

Read More...

ရင်ကွဲသီး

ရင်ကွဲသီး

ငါဟာ …
လတ်လတ်ဆတ်ဆတ် ပစ်ချခံခဲ့ရတဲ့
မင်းကိုက်လက်စ သစ်သီးတစ်လုံး ဖြစ်တယ် … …

ဒါနဲ့များတောင်
လက်တစ်ဖက်ကမ်းရုံနဲ့
ဘ၀တစ်ခုလုံး ပုံပေးလိုက်တဲ့အထိ
ရဲရင့်နေချင်သေးရဲ့ ... …

အပြစ်မတင်ရက်ပါဘူးကွယ်
သုညတစ်လုံးဟာ
မင်းဘ၀ကို
ဘယ်လောက်များ မိုးအုပ်ပေးနိုင်မှာတဲ့လဲ … …

အမြဲတမ်းအိပ်မက်ပေးမယ့်
တစ်ခါက တယော ကကြိုးတွေသယ်ရင်း
စံပယ်ရုံ မိုးအစပ်မှာပဲ
ဖြူစင်စွာနွမ်းညစ်တော့မယ် …
ထားရစ်ခဲ့ ကောင်မလေးရယ် …
….. ကောင်း …. သော ….. ည ….. ပါ …… ကွယ့် ….. ………..

တည်ညိမ်းကို


Read More...

Tuesday, January 29, 2008

၁၄

၁၄

အိပ်မက်ကနှိုးလို့
နံနက်ခင်းကို မိုးပြီး ကြည့်ဖြစ်တယ် … …

အနားသတ်မျဉ်းတွေချိုးဖျက် …
ရုပ်ပြောင်းရုပ်လွဲပညာတွေချိုးဖျက် …
အဖြူရောင်သက်သက်ကိုပဲ
ရင်ဘတ်စုံဖွင့်
ဖန်ဆင်းလိုက်ချင်ရဲ့ … …

ဝတ်မှုံတစ်ခုရဲ့ သိမ်မွေ့မှုဟာ
ချစ်ခြင်းမေတ္တာလား
တရံရောအခါရဲ့ ရင်ချင်းကပ်ဘ၀တစ်စုံကတော့
မီးလင်းဖိုလေး နံဘေး
အလင်းစ တွေ …ဝေ… လို့ … …

မသစ်လွင်နိုင်တော့ရင်လဲ
အတူတကွ ဟောင်းနွမ်းလိုက်ကြတာပေါ့ကွယ် … …

မျက်ဝန်းပင်လယ်ထဲက မျှော်လင့်ချက်တွေ
ကူးခတ်ရင်းမီးသင့်
မသွားနှင့်ခင်လွှတ်ချလိုက်ပါ …
မဖတ်ဖြစ်တော့တဲ့ အဆုံး
မာယာတစ်ထောင်နင့်အမုန်းမှာ
ငါ့ ကဗျာတွေ
ဘယ်နှစ်ရာသီ ဘယ်နှစ်မိုး
အစိုက်အပျိုး ခံရအုံးမှာလဲ … …

ကန့်လန့်ကာနောက်ကွယ်က
အတိတ်ကိုအခါခါနမ်း …
အလွမ်းဆိုတာကို
ဘယ်ဘာသာဗေဒနဲ့မှ
စာလုံးမပေါင်းခဲ့ချင်ဘူး … …

ခူးခါနီးမှ ဖူးတဲ့ပန်း …
အနမ်းတစ်ခုရဲ့ သိမ်းသွင်းမှု ဒီဂရီ …
ဗျပ်စောင်းသံအိပ်မက်တေးထပ် …
ဖေဖော်ဝါရီ နေကြတ်တဲ့အခါ … … …

တည်ညိမ်းကို






Read More...

Saturday, January 26, 2008

အရောင်မဲ့ ခန္ဓာ

အရောင်မဲ့ ခန္ဓာ

ဒီလိုနဲ့ …
ဝှက်ဖဲတစ်ချပ်ကိုပဲ
( အမှတ်မရှိ … )
အားကိုးတကြီ လှန်ခဲ့မိပြန်တယ် … …

တိုက်ကျိုတိုက်ကြားက လ နဲ့
ထရံကျိုထရံကြားက လ
ညဟာ ဘယ်တော့မှ စိတ်ဝမ်းမကွဲခဲ့ဘူး … …

ဘ၀နဲ့ မီးရထား
မီးခိုးတလူလူမှုတ်ထုတ်ရင်း
ခရီးသွားကြတာချင်း အတူတူ
လူမသိသူမသိ
ကျွန်တော့်ရဲ့ တနင်္ဂနွေနာရီလေး
နှစ်ဝါတစ်နီ ပြခံရ … …

လက်ဖျစ်တစ်တွတ်စာ ပင်လယ်မှာ
ရွှေချည်ငွေချည် မတန်းသေးတဲ့
ကော်ဖီခါးခါးပွင့်ဖတ်တွေ …
သနပ်ခါး ယပ်တောင်အဖြန့်
အထိတ်တလန့် ရပ်တန့်သွားသော
တစ်ယောက်သောသူရဲ့ ရင်ခုန်သံတွေ … …

ဝေးလွန်းလှတယ်ကွယ် …
အမှတ်တမဲ့တွေနဲ့
သက္ကရာဇ်ကို ဖြို … ဖြိုချ
သေချာစဉ်းစားကြည့်တော့လဲ
ဘ၀မှာ … ဘာမှ …
ငါ … အပိုင်မရခဲ့ပြန်ဘူး … …

အဲဒါနဲ့ …
နွေရာသီကိုချည်းပဲ
ထပ်တလဲလဲ ပန်းတွေပွင့်ခိုင်းရ
ရွက်မရှိတဲ့အခါမှ
ပင်လယ်ဟာ ကျယ်လွန်းတယ် … …

ညတွေကတောင်းဆိုတဲ့အခါ …
လက်ယှက်ထိုးမျက်နှာဖုံးတွေ ချွတ်တဲ့အခါ …
ခြောက်ကြိုးတပ်ဘ၀က စက္ကူပြဇာတ်
ကွက်လပ်မဖြည့်တတ်သော ညာလက်များ
တောက်ပစွာ မှောင်မိုက်ခဲ့ … …

ဒီလိုနဲ့ …
ဝှက်ဖဲတစ်ချပ်ကိုပဲ
( အမှတ်မရှိ … )
အားကိုးတကြီ လှန်ခဲ့မိပြန်တယ် … …

တည်ညိမ်းကို


Read More...

Friday, January 25, 2008

အိပ်တန်းပြန်

အိပ်တန်းပြန်

အတိတ်က ဘ၀ကို မေ့ခဲ့ …
ဘ၀က ငါ့ကို မေ့ခဲ့ …
နောက်တော့ ငါလဲ …
ကိုယ့်ကိုယ်ကို မေ့ခဲ့ …
ထားလိုက်ပါတော့ကွယ် … …

သေရာပါမယ့် အရှုံးနဲ့
ဘေဘီလုံရွက်ဖျင်တဲတစ်လုံးမှာ
ကောင်းကင်ဖဲကြိုးတဆုံး
ခုထိ… ငါ …
ပွင့်ဖတ်တစ်ခုစာ
အသက်ရှူနေတုန်း … …

ဒီလိုနဲ့ … မုတ်သုံတို့နိုးပြီ …
ငါလဲ …
သနပ်ခါးနံ့သင်းတဲ့ ညနေခင်းကို ဖွင့်ချင်ပြီ … …

ချစ်သူရေ …
ကိုယ့်မာနကိုယ် သတ်လို့ကြိုနေကွဲ့ …
လိမ္မော်ရောင်တွေ မလင်းတလင်းမှာ
အာရုဏ်ကျင်းငှက်တို့နဲ့အတူ
အတောင်ပံဖြန့်ရင်းဝင်ခဲ့မယ် … … …

တည်ညိမ်းကို

Read More...

Thursday, January 24, 2008

အဖြစ်အပျက်

အဖြစ်အပျက်

သူ့ သဘောသူဆောင်တဲ့ မနက်တွေမှာ
သောက်နေကျ လက်ဖက်ရည်နဲ့
အသက်ရှုခြင်းဟာ အသက်ရှုခြင်းအတိုင်း …
နေထွက်ခြင်းဟာ နေထွက်ခြင်းအတိုင်း …
ရာသီလွဲ မျက်နှာမူခြင်းဟာလဲ အဲဒီအတိုင်း …
အထားအသိုမှားခဲ့တယ် … …

ခိုနေကြသစ်ရိပ်တွေနဲ့
ထိုင်နေကြခုံတန်းတွေရှိပေမယ့်
တွေ့နေကြ သူမ ဟာ ပျောက်ဆုံးလို့
ကျောက်တုံး အလွမ်းသံသဲ့သဲ့
အလေ့ကျသစ်ပင်ဆန်ခဲ့တယ် … …

ပကတိမျက်နှာတွေမွတ်သိပ်
အိပ်ရာလိပ်ကိုခိုးတဲ့ညများ
လက်ပံပင်ဆက်ရက်ကျဘ၀မှာ
နေပေါ်မှာ နေပူစာလှုံခဲ့တယ် … …

လက်တွဲဖော်ယဉ်ကျေးမှုနဲ့
ဘာသာမတူတဲ့ နေ့လည်စာများ
အကြားအလပ်မရှိ ရေစိုခံလိပ်စာ
လာခြင်းကောင်းတဲ့အိပ်မက်တွေနဲ့
လှံစိုက်ရာ မြေနိမ့်ခဲ့တယ် … …

ရက်စွဲတွေတပ်ဖြစ်လိမ့်မယ်
အစစ်တရားတွေ ရင်လွဲ
ကွဲလွဲမှု သင်္ကေတမှာ
သူသူ ငါငါ ထောင်ကြတဲ့ လက်ချောင်းများ …
“ အင်္ဂုလိမာလ ” သာရှိခဲ့ရင် … … …

တည်ညိမ်းကို

Read More...

Wednesday, January 23, 2008

လ ရောင်ခေါက်သိမ်းခြင်း

လ ရောင်ခေါက်သိမ်းခြင်း

တေလေတစ်ယောက်ကို
ဆောင်းဦးပေါက် အိပ်မက်ပေးဖို့
ဒါဟာ … နင့်ရဲ့ …
ဘယ်နှစ်ကြိမ်မြောက် သိုးယောင်ဆောင်ခြင်းလဲ … …?

စံပယ်တွေစီခဲ့ပေမယ့်
ငါ့သက်တန့်ဟာ
မင်းတို့ကောင်းကင်နဲ့ မဆန့်ခဲ့ဘူး … …

ပင်လယ်ကိုလဲ ကူးခဲ့ဖူးပြီ … …

မျက်ဝန်းတစ်စုံရဲ့
ပွဲတော်ညအခင်းအကျင်းထဲ …
ရာသီလွန်ဝှက်ဖဲတစ်ချပ်ကို … လွမ်းခဲ့ …
မြေမှုန်တွေစွန်းထင်းရုံနဲ့တော့
ငါ့ကဗျာစာရွက်ပေါ်မှာ
မှော်ရောင်တွေ မလက်သင့်ဘူး … …

လွမ်းလိုက်တာ …
အလင်းတွေ အိပ်တော့မှ
အာရုဏ်ဦးကို မေ့မေ့ မူးမူး ခူး
ဒီကောင် …
ဘယ်လောက်များ ရူးလိုက်သလဲလို့ … …

လေးညှို့မှာ တည်တဲ့အနမ်း
ငါ့ နှုတ်ခမ်းတွေလဲ ဖုန်တက် …
နေပါစေကွယ် …
နတ်သမီး ပုံပြင်ထဲက
အ၀ါရောင် သံလွင်ဘုရင်မအတွက်
အန္ဓ တစ်ယောက်ရဲ့
ဖြစ်ဖြစ် မြောက်မြောက် အလွမ်းခန်းပေါ့ … …

တည်ညိမ်းကို
( ၂၀၀၁ ခုနှစ် ၊ “ မခင်းကျင်းမိသောအိပ်မက်များ ” မှ )

Read More...

နတ်သမီး အိပ်ဆေး ( ၆ )

နတ်သမီးအိပ်ဆေး ( ၆ )

အချိန်တန်တော့ ပန်းပဲသမားလေး အိမ်ပြန်လာပါတယ် … ခါတိုင်းလို ပန်းသီးပင်လေးအောက်မှာ စကားလက်ဆုံကျရင်း အချိန်တွေကို ကုန်လွန်စေခဲ့ကြတာပါ … ညစာစားချိန်အတွက် ပန်းပဲသမားလေးက သတိပေးတဲ့အခါ အိပ်ဆေးကို အရင်သောက်ချင်ကြောင်း နတ်သမီးလေးကပြောပါတယ် … နဂို ကတည်းက ချစ်ရသူအိပ်ရေး၀၀ အိပ်စေချင်တဲ့ ပန်းပဲသမားလေးကတော့ နတ်သမီးလေးတောင်းဆိုတဲ့အတိုင်း အိပ်ဆေး တိုက်လိုက်ပါတယ် … ချစ်ရသူနှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်တွဲ ရင်း ညစာစားဖို့ စားပွဲလေးဆီရောက်လာတဲ့ အခါ … စားပွဲပေါ်မှာ ဘာဆိုဘာမှခင်းကျင်းမထားလို့ ပန်းပဲသမားလေး အံ့သြသွားပါတယ် … နတ်သမီးက တခစ်ခစ် ရယ်ပြီး နတ်တို့သာစားသော အဟာရများကို တမဟုတ်ချင်း ဖန်ဆင်းလိုက်ပါတယ် … အရာရာမှာ ဒူးတုတ်ကျသွားတဲ့ ပန်းပဲသမားလေးဟာ … ထူးဆန်းဖွယ်ရာများ ၊ မဆင်မကြင်နောင်တတို့ တပွေ့တပိုက် …… ချစ်ရသူဝမ်းထဲမှာ… သူယူလာခဲ့တဲ့ အိပ်ဆေးက ရောက်နှင့်နေပြီ … နတ်သမီးလေးကတော့ တစ်ချိန်လုံးသူတိမ်းညွှတ်ခဲ့ရတဲ့ အပြုံးတွေနဲ့ ပြုံးလို့ …
နတ်သမီးလေးလက်ကိုဆွဲပြီး ထိုင်နေကြ ပန်းသီးပင်လေးဆီကိုပြေးသွားတော့တယ် … ဒီအချိန်ကျမှ ကျခဲ့ရတဲ့မျက်ရေတွေကတော့ ဘ၀ကို အစကပြန်ပြီး ထုဆစ်ခွင့် မပေးတော့ပါဘူး … နတ်သမီးလေးကို ရင်ခွင်ထဲမှာထားပြီး စကားပေါင်းများစွာကို ပန်းပဲသမားလေးပြောခဲ့ပါတယ် … နတ်သမီးလေးကတော့ ပန်းပဲသမားလေးရဲ့ ရင်ခွင်ထက်မှာ အိပ်လို့ …
၁၂ နာရီမထိုးခင် အထိတော့ ပန်းသီးပင်လေးရဲ့အောက်မှာ ချစ်သူနှစ်ယောက် ရှိနေကြတာပါ … အချိန်ဟာတစ်စုံတစ်ယောက်ကိုဆွဲနှုတ်သွားခဲ့တယ် …
အဲဒီအချိန်ကစပြီး … ရွာလေးမှာ နေ့ နဲ့ ည ဆိုတာ အတိအလင်းရှိလာသလို … ပန်းသီးပင်လေးနဲ့ ပန်းပဲသမားလေးကို တတွဲတွဲ မြင်နေရလေ့ ရှိတယ် …
နောက်တော့လဲ … ပန်းသီပင်လေးကတော့ သူ့ဟာသူရှိပြီး ပန်းပဲသမားလေးကတော့ အိပ်ရာပေါ်လဲလို့ …
ဆေးဆရာတိုင်းက ပန်းပဲသမားလေးကို လက်လျော့ထားရတဲ့ အချိန်မှာ … ပန်းသီးပင်လေးမှာ … တစ်ရွာလုံး မွှေးမြတဲ့ ပန်းသီးတစ်လုံးသီးလာတယ် … ……………. …………. ………

… … ပုံပြင်လေးကို ခံစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … ဒီပုံပြင်ရေးနေတုန်းမှာ ကျွန်တော့်ကို မေးကြတာလေးတွေရှိပါတယ် … ဒီနေရာမှာ ပြောပါမယ်ဗျာ … ဒီပုံပြင်ဟာ ဘယ်နေရာကမှ ဘာသာပြန်ထားခြင်းမဟုတ်ပါ … ကျွန်တော့်စိတ်ကူးယဉ်မှု သက်သက်ပဲဖြစ်ပါတယ် … အချိန်ပေးပြီးခံစားပေးကြတာကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ….. ….

တည်ညိမ်းကို


Read More...

နတ်သမီး အိပ်ဆေး ( ၅ )

နောက်ပိုင်းရက်များမှာတော့ ပန်းပဲသမားလေးနဲ့ နတ်သမီးလေး ဟာ … စားချိန်ကလွဲရင် ပန်းသီးပင်လေးအောက်မှာပဲ တတွဲတွဲရှိနေခဲ့ကြတယ် … အဲဒီ ပန်းသီးပင်လေးဟာလဲ နတ်သမီးလေး အလိုမကျတိုင်း တိုင်တည်ပြီး ငိုနေကြ ပန်းသီးပင်လေးပေါ့ … တစ်နေကုန် ပန်းသီးပင်လေးအောက်မှာ နှစ်ယောက်သားရှိနေခဲ့ပေမယ့် ညပိုင်းတွေမှာတော့ ပန်းသီးပင်လေးကိုအဖော်လုပ်ပေးခဲ့တာ နတ်သမီးလေးတစ်ယောက်ထဲပါ … အခုဆိုရင်နတ်သမီးလေး မအိပ်တာ ၁၀ ရက်ရှိပါပြီ …
တစ်ရက်မှာတော့ … နတ်သမီးလေးမအိပ်ပဲနေခဲ့တာ ကြာပြီဆိုတဲ့အကြောင်း ပန်းပဲသမားလေးသိသွားပါတယ် … ဘယ်သူမဆို ချစ်ဦးသူအတွက် အေးမြမှုတွေကိုပဲပေးချင်ကြပါတယ် … နတ်သမီးလေးကို ရင်ခွင်အစုံမှာ ထွေးပွေ့ထားရင်း အိပ်စက်ခြင်းဆို တာလိုအပ်တဲ့ အကြောင်း ၊ တစ်စုံတစ်ခုဖြစ်သွားမှာစိုးရိမ်ကြောင်း ပန်းပဲသမားလေးက တဖွဖွပြောပါတယ် … နတ်သမီးလေးကတော့ ရင်ခွင်ထောင့်လေးမှာ ပြုံးပြုံးလေးနားထောင်ရင်း ချစ်ရသူပြောစကားတိုင်း အရာရာခေါင်းငြိမ့်နေတာပေါ့ …
ပန်းပဲသမားလေးက … ဒီညနေမှာ နတ်သမီးလေး အတွက် အိပ်ဆေးယူလာမယ့် အကြောင်း ၊ နောက်နောင် ည တွေမှာ အဲဒီအိပ်ဆေးကြောင့် အိပ်စက်ခြင်းအကျင့်တွေပြန်ရလာ ပြီး နတ်သမီးလေးအတွက် သူစိတ်အေးရမယ့် အကြောင်းတွေပြောပါတယ် …
အဲဒီအိပ်ဆေးကိုနတ်သမီးလေး မသောက်ချင်ကြောင်း ငြင်းပါတယ် … ပန်းပဲသမားလေးကမေးတော့ … ဒီနေ့ဟာ နှစ်ပေါင်း ၃၀၀ ပြည့်တဲ့နေ့ … သူမ မပျောက်ကွယ်မခြင်း ချစ်ရသူနဲ့ အတူတူပျော်ရွှင်စွာ နေထိုင်သွားချင်တဲ့အကြောင်း မျက်ရေတွေနဲ့ပြောပြပါတယ် … ပန်းပဲသမားလေးကတော့ ရယ်မြဲရယ်လို့ … နတ်သမီးလေးပြောတဲ့ နောက်ကြောင်းရာဇ၀င်တွေကို အစကတည်းက မယုံကြည်ခဲ့တဲ့အကြောင်း … နတ်သမီး နဲ့ သာမန်လူသားတစ်ယောက်ဆုံတွေ့ဖို့ဆိုတာ ဒဏ္ဍာရီတစ်ပုဒ်ပဲဖြစ်ကြောင်း … အခုလောလောဆယ်ဆယ်တော့ နတ်သမီးလေး ပုံမှန်အိပ်နိုင် ဖို့အရေး အိပ်ဆေးမဖြစ်မနေ လိုအပ်ကြောင်း ကိုပဲ ဇွတ်ပြောပါတော့တယ် …
ပန်းပဲသမားလေး ပန်းပဲဖိုကိုထွက်သွား ပြီးကတည်းက … နတ်သမီးလေးဟာ နတ်တို့သာစားကြတဲ့ စားသောက်ဖွယ်ရာများကို ဖန်ဆင်းပါတော့တယ် … အရာအားလုံးဖန်ဆင်းပြီးချိန်မှာ ရွာသူရွာသားတွေကို အဲဒီစားသောက်ဖွယ်ရာတွေ ဝေငှပါတယ် … တစ်ဘ၀မှာ တစ်ခါသာ ခံစားဖူးတဲ့ အရသာအတွက် သူမရဲ့ တဲအိမ်လေးကတော့ ရွာသူရွာသားတွေနဲ့ ထုံဝန်းလို့နေခဲ့တယ် …
အားလုံးပြီးဆုံးသွားတော့မှ သူမရဲ့ ပန်းသီးပင်လေးအောက်မှာထိုင်ရင်း သူမရဲ့နောက်ဆုံးသောချစ်ခြင်းအိပ်မက်တွေကိုဖျက်မယ့် ချစ်ရသူရဲ့ အိပ်ဆေးတစ်ခွက်ကို စောင့်မျှော်နေပါတော့တယ် …
အဲဒီညက … ကြယ်ပေါင်းစုံလင်းကြတယ် … လရဲ့အလင်းရောင်ရတဲ့အချိန်ကိုနေ့ ၊ အမှောင်လုံးလုံးကျရောက်ချိန်ကို ည လို့သတ်မှတ်ထားတဲ့ ရွာလေးအတွက် … ကြယ်ပေါင်းစုံလင်းတဲ့ညလေးဖြစ်ပေါ်လာပါတယ် …
နှင်းတွေကလဲ… ခါတိုင်းလို သဲကြီးမဲကြီး ရွာမနေကြတော့ဘူး … အလွမ်းရဲ့အကြောင်းကို သူတို့ကြိုပြီး သိနေကြ သလိုလို …


… … ဆက်လက်ရေးသားပါမည် … …

Read More...

ကျွန်တော် နောက်ဆုံးနှစ် ကျောင်းသား ဘ၀က “ ၀င်္ကကချေသည်” ဆိုတဲ့ ကဗျာစာအုပ်လေးလုပ်ဖြစ်ပါတယ် … ပါဝင်ရေးသားကြသူတွေကတော့ ChIroN ၊ မင်းသစ်နီ ၊ ယွန်းသဲ့မိုး နဲ့ ကျွန်တော် တည်ညိမ်းကို တို့ပါပဲ … အဲဒီစာအုပ်လေးထဲက ကျွန်တော် အမှတ်ရနေတဲ့ ကဗျာ လေးတစ်ပုဒ်ကို ဝေမျှလိုက်ပါတယ် …

ပြဿဒါး စာဆို

လက်နှစ်ဖက် ရှေ့ထုတ်
အနာဂတ်ကို ကြိုဆိုမယ်လုပ်တုန်း
ဘ၀က
ရမ်တစ်ပက်စာ မူးနှင့်ပြီ … …

ငါ့နေ့စွဲတွေ ဆုတောင်းမှားခဲ့ပုံများ
တရားချလို့မရတဲ့ အမှောင်ထုတွေ
မီးကုန်ယမ်းကုန် ဝေ လို့ … …

ရက်ရာဇာနဲ့ တွေ့ရင်ပြောပေါ့ …
… ဒီမှာ … …!
ကျွန်တော်က စနေသားပါ … …

အရောင်ပြောင်းဖို့သင့်ပါပြီ ကံကြမ္မာတို့ရယ် … …

မျက်တွင်းဟောက်ပက်
သူရောင်မယ် ညတွေအတွက်
ကြယ်ကဗျာရေးမယ့်သူတွေ ချီတက်လာကြပေါ့ …
… ဟောဟိုက …
ကံ့ကော်တောအုပ်ပေါ်မှာ … …

တည်ညိမ်းကို
( ၂၀၀၂ ခုနှစ် ၊ “၀င်္ကကချေသည်” မှ )

Read More...

ပြာသိုလပြည့် ( အမေနေ့) က ကျွန်တော့် မေမေနဲ့ ဖုန်းပြောဖြစ်ပါတယ် … စိတ်ထဲမှာ ဘာဖြစ်သွားတယ်ရယ်တော့မသိဘူး…မေမေ့ဆီက ကဗျာလေးတစ်ပုဒ်တောင်းမိပါတယ်… ဦးဘုန်းနိုင်ရဲ့ တပည့်ဖြစ်တဲ့ ကျွန်တော့်မေမေ ချက်ချင်းရေးပေးလိုက်တဲ့ကဗျာလေးကို အမှတ်တရ အဖြစ်တင်လိုက်တာပါ … အမေဆိုတာ ကျွန်တော်တို့အတွက်တော့ ဘယ်မှာမှ ရှာမတွေ့နိုင်တဲ့ သစ်ရိပ်တစ်ခုပါပဲ … ….

အမေ့သား

မေမေရဲ့သား
တိုင်းတစ်ပါးမှာ
ကျန်းမာပါရဲ့လား

မေမေ့စကား
သားထံကြား
ရွှင်လန်းပါစေသား

မေမေ့ မေတ္တာ
ပို့သကာ
သားလေးရွှင်ကျန်းမာ

မေမေ့အားထား
မြန်ပြည်သား
ခွန်အားပြည့်စေသား

ချစ်မေမေ

Read More...

နတ်သမီးအိပ်ဆေး ( ၄ )
ကျွန်တော့်ရဲ့ နတ်သမီးအိပ်ဆေး ပုံပြင်လေး မနက်ဖြန်မှာ အဆုံးသတ်ပါမယ် ….

နတ်သမီးအိပ်ဆေး ( ၄ )

ပြန်မချစ်ပဲ နေနိုင် သလား ?... ဒီမေးခွန်းဟာ သူမအတွက်မဟုတ်တော့တာ ကြာခဲ့ပါပြီ … ပန်းပဲသမားလေးရဲ့ ရင်ခွင်ထဲမှာ မေ့မျောသွားကတည်းက သူမရဲ့ အချစ်တွေစတင်ခဲ့တယ်ထင်ပါတယ် … ရွေးချယ်စရာလမ်းမရှိတော့တဲ့ နောက်မှာတော့ … သူမရဲ့ ဘ၀ကို အမှန်အတိုင်း ပန်းပဲသမားလေးကိုပြောပြလိုက်ဖို့ နတ်သမီးလေးဆုံးဖြတ်လိုက်ပါတယ် … အကြောင်းစုံကိုသိသွားတဲ့အခါ နှစ်ပေါင်း ၂၅၀ လုံးလုံး ရွာလေးကို ဒုက္ခပေးခဲ့တဲ့ သူမကို ပန်းပဲသမားလေးမုန်းသွားလိမ့်မယ်လို့လဲ သူမယုံကြည်ထားပါတယ် … ဒါဟာ ပန်းပဲသမားလေးရဲ့ ချစ်ရသူနဲ့ကွေကွင်းခြင်းဒုက္ခကို ကယ်တင်ပေးနိုင်လိမ့်မယ် လို့လဲ ထပ်မံ ယုံကြည် ထားပါတယ် …
နောက်တစ်နေ့ မနက်စာစားကြတော့ အကြောင်းစုံကို နတ်သမီးလေးက ပြောပြလိုက်ပါတော့တယ် … အဲဒီအချိန်ကစပြီး ၃ ရက်လုံးလုံး ပန်းပဲသမားလေးက နတ်သမီးလေးကို စကားမပြောတော့ပါဘူး … ပန်းသီးပင်လေးအောက်မှာ ညစဉ်ညတိုင်း ငိုရခြင်းဟာ နတ်သမီးလေးအတွက်တော့ အကျင့်တစ်ခုလိုဖြစ်နေပါတော့တယ် … နတ်သမီးလေးမအိပ်ခဲ့တာလဲ ၃ ရက်လုံးလုံးပါပဲ …
၎ ရက် မြောက်နေ့မှာ နတ်သမီးလေး တဲအိမ်လေးထဲ ပြန်ရောက်လာတော့ မွှေးမြသော အသားကင် ၊ လတ်ဆတ်သောသစ်သီးများ … အရာရာဟာ ရွာကလေးကို သူမ စရောက်လာခါစက ပထမဆုံးစားသောက်ခဲ့ရတဲ့ မနက်စာအတိုင်းပါပဲ … ထူးခြားလာတာလေးတွေကတော့ … ဒိန်ခဲ ၊ ၀ိုင်အရက် ၊ စားပွဲအလယ်က ပန်းခြင်းလေး နဲ့ စားပွဲထိပ်မှာ သူမကို အပြုံးနဲ့ ဆီးကြိုနေတဲ့ ပန်းပဲသမားလေး တို့ပါပဲ … သူမအတွက်ကတော့ အံ့သြပြီးရင်း အံ့သြရင်းပါပဲ … သူမအတွက် လှိုက်မောဖွယ်ရာတစ်ခုကတော့ နွေးထွေးတဲ့ ကြည်နူးခြင်းတွေ ရင်ဘတ်ထဲကို တိုးတိုးပြီးဝင်ရောက် နေခြင်းပါ … ပန်းပဲသမားလေးက သူမရဲ့လက်ကိုဆွဲပြီး သူ့ရဲ့ နံဘေးမှာ ထိုင်ခိုင်းပါတယ် … ပြီးတော့ တောက်ပလွန်းတဲ့ အနမ်းတစ်ခုကို နတ်သမီးလေးရဲ့ပါးမှာ စိုက်ပျိုးပေးပါတယ် … နတ်သမီးလေးရဲ့ အချစ်ကို ထင်ရှားပေါ်လွင်လာစေချင်လို့ ၃ ရက်လုံးလုံး လစ်လျူရှုခဲ့တဲ့အကြောင်း ၊ ဒါပေမယ့် စောင့်ကြည့်နေခဲ့တဲ့အကြောင်း တွေပြောပြရင်း … သူတို့ရဲ့ နံနက်စာစားပွဲလေးဟာ ချစ်ခြင်းတွေနဲ့ ထုံမွှန်းနေခဲ့တော့တယ် …

… … ဆက်လက်ရေးသားပါမည် … …

Read More...

နတ်သမီးအိပ်ဆေး ( ၃ )

နတ်သမီးအိပ်ဆေး ( ၃ )

အိပ်ရာပေါ်က လူးလဲ ထပြီး သူမကိုယ်သူမ ဘာဖြစ်သွားခဲ့တယ်ဆိုစဉ်းစားရ ၊ မွန်ရည်ခံ့ညားလှတဲ့ လူရွယ် ၊ လတ်ဆတ်သော စားသောက်ဖွယ်ရာများ ၊ အရာရာဟာ သူမကို အံ့သြပြီးရင်း အံ့သြစေခဲ့ပါတယ် … လူရွယ်ဟာ ရွာကလေးရဲ့ချစ်ခင်နှစ်လိုမှုကိုခံရတဲ့ ပန်းပဲသမားလေး မှန်း နတ်သမီးလေး သိပေမယ့် ၊ ပန်းပဲသမားလေးကတော့ ဖြူစင်ဝင်းပလှတဲ့ သူမဟာ မျက်စိလည်လမ်းမှားလာတဲ့ သာမန်လူသားမိန်းမပျိုလေးအဖြစ်ပဲ သိပါတယ် … စူးရှနက်ရှိုင်းတဲ့ အပြန်အလှန်အကြည့်တွေရဲ့အကြား တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်ဝှက်ရင်း သူတို့နှစ်ယောက်ရဲ့ ပထမဆုံး မနက်စာလေးကို ပျော်ရွှင်စွာ စားသောက်ကြပါတယ် … ပန်းပဲသမားလေး က နတ်သမီးလေးနဲ့ဆုံဆည်းခဲ့ပုံတွေကိုပြောပြ ၊ နတ်သမီးလေးကတော့ သူမအကြောင်းကို နည်းအမျိုးမျိုးနဲ့ လိမ်ပြောရနဲ့ ရွာကလေးမှာ သူတို့နှစ်ယောက်ထဲပဲ ရှိနေကြတဲ့ ပုံစံမျိုး တိတ်ဆိတ်လှပစွာ စီးမျောနေကြပါတော့တယ် …
နတ်သမီးလေးက ရွာကလေးကိုတတ်နိုင်သမျှကူညီမယ်ဆိုတဲ့ သူမရဲ့စိတ်ကူးအတိုင်း ပန်းသီးခင်းကြီးတစ်ခုကို သူမရဲ့တဲအိမ်လေးနားမှာပဲ ပန်းပဲသမားလေးမသိအောင် ဖန်ဆင်းပါတယ် …သစ်သီးရိက္ခာအတွက်ရွာသားတွေ အဝေးကြီးမှာ ရှာဖွေစရာမလိုအောင်ပေါ့ … ဒိန်ခဲ လုပ်နည်းနဲ့ ၀ိုင်အရက်ချက်နည်းတွေကို ပန်းပဲသမားလေးကို သင်ပေးပြီး အတူတကွ ချက်ပြုတ်လုပ်ကိုင်ပါတယ် … အဲဒီချက်ပြုတ်တဲ့အလုပ်ဟာ တစ်ရက်ထဲပြီးမသွားပါဘူး … ဘာလို့လဲဆိုတော့ ရွာသူရွာသားတွေကို နေ့စဉ်နေ့တိုင်း အလကားဝေငှနေရလို့ပါပဲ … ချက်ပြုတ်ရာမှာလိုအပ်တဲ့ပစ္စည်းတွေကို ဘယ်ကနေပြီး နေ့စဉ်နေ့တိုင်းလိုသလောက်ရနေသလဲကို ဘယ်သူမှစိတ်မ၀င်စားကြသလို ဘယ်သူမှလဲအရေးတယူလုပ်ပြီး မမေးကြပါဘူး …
ဒီလိုနဲ့ …. ရက်တွေကြာလာတာနဲ့အမျှ ပန်းပဲသမားလေးနဲ့နတ်သမီးလေးရဲ့ သံယောဇဉ်ဟာလဲ ဖျက်ဆီးဖြိုခွဲလို့မရလေပါပဲ … ကြင်နာယုယမှု ၊ နားလည်သိတတ်မှု ၊ အေးမြသောအပြုံးများ ၊ တင်းကြပ်လာသောကြိုးများ … အစရှိသော ချစ်ခြင်းရဲ့ အလိုများအရ … တစ်နေ့မှာ ပန်းပဲသမားလေးက နတ်သမီးလေးကို လက်ထပ်ခွင့်တောင်းပါတော့တယ် … နတ်သမီးလေးအတွက်တော့ ပန်းပဲသမားလေးရဲ့ စကားဟာ မွှေးမြနေရမယ့် အစား ပူလင်းပြင်းရှမှုတွေကိုပဲ ခံစားနေရပါတော့တယ် … နှစ်ပေါင်း ၂၅၀ လုံးလုံး သူမရဲ့ နတ်ဗိမ္မာန်နဲ့ ရွာလေးကိုလဲ ဒုက္ခပေးခဲ့ပြီးပြီ … သူမရဲ့ နောက်ဆုံးခရီးမှာလဲ ဖြူစင်တဲ့ ပန်းပဲသမားလေးကို တစ်သက်လုံးခံစားစေရအောင် လုပ်ခဲ့မိပါပြီ … မကြာခင်မှာ ပျောက်ကွယ်သွားရတော့မယ့် သူမကို ဘာလို့များချစ်မိသွားပါသလဲ … အဲဒီတစ်ညလုံး … ပန်းသီးပင်လေးအောက်မှာ နတ်သမီးလေး ငိုခဲ့ရတယ် …

… … ဆက်လက်ရေးသားပါမည် … …

Read More...

Monday, January 21, 2008

နတ်သမီး အိပ်ဆေး ( ၂ )




နတ်သမီး အိပ်ဆေး ( ၂ )

မဝေးတော့တဲ့ နှစ် ၅၀ အတွက် နတ်သမီးလေးမှာ စိတ်မကောင်းဖြစ်ရရုံ ကလွဲရင် ဘာမှမတတ်နိုင်ပါဘူး … အဲဒီနှစ်ပေါင်း ၅၀ ကို အဓိပ္ပါယ်ရှိရှိ ကုန်လွန်ဖို့ နတ်သမီးလေးစဉ်းစားရပါတော့တယ် … နတ်မင်းကြီး ဇု ထံသွား ပြီး သူမ ဘာလုပ်သင့်သလဲဆိုတာမေးမြန်းတိုင်ပင်ပါတယ် … ဇု ကတော့ မွန်မြတ်ရာအလုပ်တစ်ခု ကို စိတ်ထားသန့်သန့်နဲ့ လုပ်ဖို့ပဲ အကြံပေးပါတယ် … နတ်သမီးလေးရဲ့ဘ၀တစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပတ်ဝန်းကျင် နဲ့ ကမ္ဘာလောကကြီးကို အာရုံဖြန့်ကျက်ခံစားပါတော့တယ် … သူမရဲ့ ဗိမ္မာန်ကြောင့် ဒုက္ခရောက်နေရ တဲ့ ရွာလေးကို အရင်ဆုံး သိရပါ့တယ် … နှစ်ပေါင်း ၂၅၀ လုံးလုံး သူမကတော့ အပျော်တွေထဲ မှာစိမ့်ဝင်နေခဲ့သမျှ ၊ သူမကြောင့် ဒုက္ခများစွာခံစားနေရတဲ့ ရွာသူရွာသားတွေအတွက် ရင်နင့်အောင် ခံစားခဲ့ရပါတယ် … ရွာလေးအတွက် တစ်ခုခုပြန်လည်ပေးဆပ်ဖို့ နတ်သမီးလေးဆုံးဖြတ်လိုက်ပါတယ် …
ကြယ်ကြွေတစ်စင်းနဲ့အတူ ရွာလေးဆီကို နတ်သမီးလေး ရောက်ရှိလာပါတော့တယ် …
ရွာသူရွာသားတွေအတွက်တော့ ပထမဆုံးမြင်ဖူးတဲ့ အလင်းရောင်ပါပဲ …
သဲကြီးမဲကြီးကျဆင်းနေတဲ့နှင်းတွေအကြား အဖြူရောင်ခြုံလွှာပါးနဲ့နတ်သမီးလေးဟာ ဘ၀ရဲ့ ပထမဆုံးဆင်းရဲဒုက္ခကိုစတင်ခံစားနေရပါတော့တယ် … သက်တမ်းကုန်ချိန်နီးလေလေ စွမ်းအားတွေကျဆင်းဆင်းလေလေ မို့ ရွာလေးကို ခြေချမိတဲ့တခဏမှာပဲ နတ်သမီးလေး မူးမေ့လဲကျသွားပါလေရော … လရောင်ဖြာတဲ့ည … နတ်သမီးလေး လန့်နိုး လာချိန်မှာ …
မွှေးမြသော အသားကင် ၊ လတ်ဆတ်သောသစ်သီးများ ၊ တည်ငြိမ်သော လူရွယ်တစ်ဦး တို့
နတ်သမီးလေး အနားမှာ ရှိနေကြပါတယ် …သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာလဲ နွေးထွေးလှတဲ့ ၀တ်ကောင်းစားလှတွေနဲ့ပေါ့ … …

… … ဆက်လက်ရေးသားပါမည် … …

Read More...

Sunday, January 20, 2008

မီးအိမ်ကို ဖွင့်ကြည့်ခြင်း

မီးအိမ်ကို ဖွင့်ကြည့်ခြင်း

ဆွဲငင်အား တွေကင်းတဲ့အခါ
ပင်လယ်ဟာ ကြွတက် လာပြီး
မိုး အဖြစ် ပြန်ရွာတယ် … …

တဲအိုလေးထဲ လေ၀င်သွားတဲ့အခါ
အရာရာ လွင့်စင် လို့
မရှိ ခြင်း တွေပဲ ရှိ လာတယ် … …

ရောင်စဉ်ဖြာမှု တွေ ကင်းတဲ့ အခါ
ဘ၀ ဟာ ကိုယ်ရှိန်သတ်ပြီး
“ သုည ” မှာ အလည်ရပ်တယ် … …

တည်ညိမ်းကို



Read More...

Saturday, January 19, 2008

ဂရိနတ်ဘုရားများ (၄)

ဂရိနတ်ဘုရားများ (၄)

(၁၁) Artemis – Apollo ရဲ့ ညီမ ၊ အပျိုစင် နတ်ဘုရားမလေး ဖြစ်တဲ့အကြောင်း “ဂရိနတ်ဘုရားများ (၃) ” မှာ ဖော်ပြခဲ့ပြီးပါပြီ … သူမဟာ ကလေးမွေးဖွားခြင်းကို စောင့်ရှောက်သလို ရက်စက်ကြမ်းကြုတ်မှုကိုလဲ ထိန်းချုပ်ပါတယ် …သူမကို Ortygia ကျွန်းမှာမွေးဖွားခဲ့ ပါတယ် …

(၁၂) Hera - နတ်ဘုရားများရဲ့ ဘုရင်မဖြစ်ပါတယ် …ဘာလို့လဲဆိုတော့ သူမဟာ နတ်ဘုရားတို့ရဲ့ အရှင်သခင်ဖြစ်တဲ့ Zeus ရဲ့ ညီမ ဖြစ်သလို ဇနီးလဲဖြစ်ပါတယ် … ရောမတွေကတော့ သူမကို Juno အဖြစ်သိကြပါတယ် … လက်ထပ်ထိမ်းမြားမှုကို ကိုယ်စားပြုတဲ့ နတ်ဘုရားမဖြစ်ပါတယ် …

Olympians တွေအပြင် ဂရိတို့ရဲ့ နယ်မြေဒေသကွဲပြားမှု ၊ အယူဝါဒ အလိုက် အခြား နတ်ဘုရားများလဲ ရှိနေပါသေးတယ် …

(၁) Nymphs - မြစ်ကိုစောင့်ရှောက်သောနတ်သား
(၂) Naiads - နွေဦးရာသီကို ကိုယ်စားပြုတဲ့ နတ်ဘုရား
(၃) Dryads - ရုက္ခစိုး
(၄) Iris - သက်တံ့ ကိုစောင့်ရှောက်သော နတ်သမီး
(၅) Kora - ရာသီဥတု ကိုစောင့်ရှောက်သောနတ်ဘုရား
(၆) Selene - လ နတ်သမီး
(၇) Aether - အလင်းနတ်သား
(၈) Eos - အမှောင်နတ်သမီး
(၉) Aeolus - လေနတ်သား
(၁၀) Hypnos - အိပ်စက်ခြင်းကိုစောင့်ရှောက်သောနတ်သား
(၁၁) Nike - အောင်မြင်ခြင်းကို ကိုယ်စားပြုသောနတ်သမီး
(၁၂) Poena - အပြစ်ပေးခြင်းကို ကိုယ်စားပြုသောနတ်သမီး
(၁၃) Nemesis - ဂလဲ့စားခြေခြင်းကို ကိုယ်စားပြုသော နတ်သမီး
(၁၄) Morpheus - အိပ်မက်နတ်သား

ကျွန်တော်ရေးသားခဲ့ပြီးသော နတ်ဘုရားတွေ အပြင် အခြားအခြားသော ဂရိ ရိုးရာ ယုံကြည်မှုများအရ နတ်ဘုရားများရှိနေပါသေးတယ် … အကုန်လုံးကိုသာရှာဖွေရေးသားနေရမယ်ဆိုရင် တော့ ကျွန်တော့် ဘလော့လေး “ ဂရိနတ်ဘုရားကျမ်း ” ဖြစ်သွားမှာစိုးပါတယ် … နတ်ဘုရားအချို့ကို မိတ်ဆက်ပေးချင်ရုံသက်သက်ပါ … ဒီလောက်နဲ့ပဲ ရပ်လိုက်ပါရစေ …

တည်ညိမ်းကို

Read More...

ဂရိနတ်ဘုရားများ (၃)

ဂရိနတ်ဘုရားများ (၃)

(၆) Hephaestus - မီးတောင်ကိုစောင့်သော ၊ ပန်းပဲပညာကို စောင့်ရှောက်သော နတ်ဘုရားဖြစ်ပါတယ် … အလှ နဲ့ အချစ် နတ်ဘုရားမ Aphrodite ( ရောမ အခေါ် Venus ) ရဲ့ ခင်ပွန်းဖြစ်ပါတယ် …

(၇) Poseidon - အမည်များစွာရှိတဲ့ ထူးခြားသောနတ်ဘုရားဖြစ်ပါတယ် … အထင်ရှားဆုံးကတော့ ပင်လယ်ကိုစောင့်ရှောက်သော နတ်ဘုရားဖြစ်ပါတယ် … Zeus နဲ့ ညီအစ်ကို ဖြစ်ပြီး စောင့်ရှောက်လွှမ်းမိုးဖို့ နယ်ပယ်ခွဲဝေရာမှာ Zeus ကကောင်းကင်ကို တာဝန်ယူပြီး Poseidon ကတော့ ပင်လယ်ကိုတာဝန်ယူခဲ့တာပါ … သူဟာ အသက်အငယ်ဆုံး Titan နတ်ဘုရား Cronus နဲ့ နတ်ဘုရားများရဲ့ မိခင်လို့ ဂရိတွေသတ်မှတ်ကြတဲ့ Rhea နတ်ဘုရားမ တို့ရဲ့ သားဖြစ်ပါတယ် …

(၈) Zeus - နတ်ဘုရားများ၏ ဖခင်ဖြစ်ပါတယ် … ဂရိတွေကတော့ ယောင်္ကျားများရဲ့ဖခင်အဖြစ်ယုံကြည်ကြပါတယ် … ကောင်းကင်ကိုအစိုးရသောနတ်ဘုရားဖြစ်ပါတယ် … Olympus တောင်ရဲ့ အရှင်သခင်လဲဖြစ်ပါတယ် … ဂရိ ဒဏ္ဍာရီလာ သူရဲကောင်းများရဲ့ ဖန်တီးရှင်အဖြစ်လဲ ယုံကြည်ကြပါတယ် …

(၉) Aphrodite - အလှတရား နဲ့ အချစ်နတ်ဘုရားမဖြစ်ပါတယ် … သူမဟာ ရှိရှိသမျှ နတ်ဘုရားမ များထဲမှာ အလှဆုံးဖြစ်ပေမယ့် ရုပ်အဆိုးဆုံး နတ်ဘုရား Hephaestus ကို လက်ထပ်ခဲ့ပါတယ် …

(၁၀) Athena - အမျိုးသားများ ရဲ့ နတ်ဘုရားမဖြစ်ပါတယ် … တကယ်တမ်းပြောရရင် သူမရဲ့ စောင့်ရှောက်မှုနယ်ပယ် သီသန့်မရှိပေမယ့် အမျိုးသားများကို အထူး အခွင့်အရေးတွေပေးတတ်တဲ့ အတွက် ဂရိများက အမျိုးသားများရဲ့ နတ်ဘုရားမအဖြစ် ယုံကြည်ကြပါတယ် …

… … ဆက်လက်ရေးသားပါမည် … …

Read More...

ဂရိနတ်ဘုရားများ (၂)

ဂရိနတ်ဘုရားများ (၂)

Olympians ၁၂ ပါးကတော့ …
(၁) Hestia - နတ်ဘုရားမ ဖြစ်ပါတယ် ...အခြားအမည်တွေက Demeter နဲ့ Dionysus ဖြစ်ပါတယ် ... ရောမလို Vesta လို့ ခေါ်ပါတယ် ... Olympians ၁၂ ပါးထဲမှာ ပထမဆုံး မွေးဖွားလာသူပါ ...ဂရိတွေကတော့ အိမ်စောင့်နတ် အဖြစ် ၊ ကျန်းမာရေးနှင့်ဆိုင်သော နတ်ဘုရားမအဖြစ် သူမကို ယုံကြည်ကြပါတယ် ...

(၂) Hades - တမလွန်လောကရဲ့ နတ်ဘုရားပါ ...သေမင်းတော့မဟုတ်ပါဘူး ...

(၃) Apollo – Titans နတ်ဘုရား Coeus ရဲ့ သမီးဖြစ်သူ Leto ( Latona ) နဲ့ Olympian နတ်မင်းကြီး Zeus တို့မှ မွေးဖွားလာပါတယ် ... Apollo ရဲ့ အမွှာညီမကတော့ ယခုထိ အပျိုစင် နတ်ဘုရားမလေး ၊ ကလေးမွေးဖွားခြင်းကိုစောင့်ရှောက် တဲ့ Artemis ( Diana ) ဖြစ်ပါတယ် ... Apollo ရဲ့ သားကတော့ ကျန်းမာရေးကို စောင့်ရှောက်တဲ့ Asdepius ဖြစ်ပါတယ် ... Apollo ဟာ နေနတ်ဘုရား ၊ အမှန်တရား နှင့် ဂီတ ကို စောင့်ရှောက်သောနတ်ဘုရားအဖြစ် ထင်ရှားပါတယ် ...

(၄) Ares - စစ်နတ်ဘုရားဖြစ်ပါတယ် ...ဂရိတွေကတော့ သူ့အကြောင်း ဒဏ္ဍာရီတွေရဲ့နဲ့အတူ သူ့ကို ယုံကြည်မှု သိပ်မရှိကြပါဘူး ... သူ့အစား စစ်နတ်ဘုရားအဖြစ် Athena ကိုသာ ယုံကြည်ကိုးစားကြပါတယ် ... အမှန်တကယ်တော့ Athena ဟာ Ares ရဲ့ ၀ိဥာဉ် ကိန်းဝပ်သူသာဖြစ်ပါတယ် ...

(၅) Hermes -ကံကောင်းခြင်းတွေကိုသာယူဆောင်လာတတ်တဲ့နတ်ဘုရားအဖြစ်ယုံကြည်ကြပါတယ် ... နတ်မင်းကြီး Zeus ရဲ့ တမန်တော်လဲဖြစ်ပါတယ် ...

... ...ဆက်လက်ရေးသားပါမည် ... ...

Read More...


Olympians ၁၂ ပါး ( Monsiau ဆိုတဲ့ ရာဇ၀င်ပန်းချီဆရာတစ်ယောက်က ၁၈ ရာစုနှစ်ကဆွဲခဲ့ပါတယ် )

ဂရိ နတ်ဘုရားများ (၁)

“ နတ်သမီးအိပ်ဆေး ” ပုံပြင်လေးကို ရေးနေရင်း ဒီဆောင်းပါးလေးကို ရေးချင်လာပါတယ် …
ဆက်စပ်နေတယ်လို့ ကိုယ့်ကိုယ်ကို ခံစားမိတာလဲ ပါပါတယ် …
ကျွန်တော် ငယ်ငယ်က ရင်းနှီးခဲ့ရတဲ့ ကဗျာတွေ ၊ ၀တ္တုတွေမှာ ဂရိနတ်ဘုရားအမည် တွေ တစ်ခါတစ်ခါ ပါလာတတ် ပါတယ် … အဲဒီကတည်းက သိချင်စိတ်နဲ့ ရှာဖွေစုဆောင်းထားတာလေးတွေကို ဆောင်းပါးတစ်ခုအဖြစ် ရေးသားလိုက်ရခြင်းပါ …

ဂရိနတ်ဘုရားများ (၁)

ဒဏ္ဍာရီ ဗေဒ (Mythology) အရ ယခုလက်ရှိ နတ်ဘုရားများ (Gods) ၊ နတ်ဘုရားမများ (Goddesses) ဟာ စွမ်းအားထက်မြက်လွန်းလှသော နတ်ဘုရားများ (Titans) ရဲ့ သြဇာအရှိန်အ၀ါ မှေးမှိန်မှုအရ ပေါ် ပေါက်လာရပါတယ် …ယခုလက်ရှိ နတ်ဘုရားများကို အိုလံပီယာ ၁၂ ပါး ( Twelve Olympians ) လို့ခေါ်ပါတယ် …
Titans မှာလဲ ၁၂ ပါးပဲရှိကြောင်း တွေ့ရပါတယ် … Titans တွေနဲ့
Olympians တွေရဲ့ ကွာခြားချက်ကတော့ Titans တွေမှာ တူညီတဲ့ သဘာဝလွန် စွမ်းအား (Supernatural Power) တွေရှိကြပြီး Olympians တွေကတော့ သတ်မှတ်ပေးထားခံရတဲ့နယ်ပယ်စွမ်းအားတွေပဲ ရှိပါတယ် … ဥပမာ - အချစ်နတ်ဘုရားမ ဟာ အချစ်နဲ့ ပတ်သက်သမျှပဲ စွမ်းဆောင်ပေးနိုင်သလို ၊ စစ်နတ်သားဟာလဲ စစ်နဲ့ပတ်သက်သမျှကိုပဲ စွမ်းဆောင်နိုင်ပါတယ် …
ကျွန်တော်ကတော့ Olympians တွေအကြောင်းကိုပဲ ပြောပါမယ် …
Olympians တွေဟာ ဇု (Zeus) နတ်မင်းကြီးရဲ့ မျက်စိအောက်က အိုလံပတ်စ် တောင်ထိပ် (Mount Olympus) မှာစံစားကြပါတယ် …

… … ဆက်လက်ရေးသားပါမည် … …

Read More...

နတ်သမီးအိပ်ဆေး (၁)
ကျွန်တော်ပြောသော ပုံပြင်တစ်ပုဒ်ဖြစ်ပါတယ် …
ကျွန်တော်၏ စိတ်ကူးသက်သက်များသာဖြစ်ပါတယ် …
စိတ်ကူးယဉ်ခဲ့ခြင်း အပေါ် နားလည်ခံစားပေးကြလိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ …
( အစ်မမွန်ရေ … စိတ်နှစ်တာများသွားလို့ အိပ်ဆေးက ကဗျာမဟုတ်ဘဲ ပုံပြင်ဖြစ်သွားတယ်ဗျာ … )

နတ်သမီးအိပ်ဆေး (၁)

တစ်ခါတုန်းက … …
နေရဲ့ အလင်းရောင် မရတဲ့ ရွာလေးတစ်ရွာရှိတယ် … တစ်နှစ်ပတ်လုံး နှင်းတွေဝေဆိုင်းနေလွန်းလို့ နေအလင်းရောင် ဆိုတာ ရွာသူရွာသား တွေအတွက်တော့ ဝေါဟာရတစ်ခုအရ သာ ကြားဖူးပြီး လက်တွေ့မမြင်ဖူးတဲ့ အရာတစ်ခုပါ … လ ရောင် လာတဲ့ အခါ ရွာသားတွေက အမဲလိုက်ကြ ၊
ရွာသူတွေက သစ်သီးဆွတ် ကြတယ် … လ ရောင်ပျောက်ကွယ် သွားတဲ့ အချိန်ဟာ ရွာသူရွာသားတွေအတွက်တော့ ဆောက်တည်ရာမဲ့ချိန်ပါပဲ … အအေးဒဏ်ခံနိုင်တဲ့လက်လုပ်တဲ လေးတွေထဲမှာပဲ ပုံးအောင်းအိပ်စက်ကြရတယ် … လရောင်ဟာ ကံကောင်းခြင်း တွေကို ယူဆောင်လာ သလို ၊ လရောင်ကို နှုတ်သိမ်းသွားတဲ့ အမှောင်ထုဟာလဲ မကောင်းဆိုးဝါးတွေကို ယူဆောင်လာ တယ်လို့ ရွာသူရွာသားတွေက ယုံကြည်ကြတယ် … ရွာသူရွာသားတွေအတွက် နောက်ထပ် ကံကောင်းခြင်းတစ်ခုလဲရှိတယ် …အဲဒါကတော့ အမဲလိုက်ကိရိယာတွေကို ကျွမ်းကျင်စွာ လုပ်ပေးနိုင်တဲ့ ပန်းပဲသမားလေးရှိနေခြင်းပါ … အမဲလိုက်ကိရိယာတွေကို သစ်သီးနဲ့လဲ ပါတယ် …
တောကောင်သားနဲ့လဲ ပါတယ် …
တစ်ခေတ်တစ်ခါကတော့ အဲဒီရွာလေးဟာ နေရောင် လ ရောင် စုံလင်စွာနဲ့ နေချင်စဖွယ် ရွာလေးပါ … နေရောင်ပျောက်ကွယ်သွားရခြင်းကြောင်းက ဒီလိုပါ …
ကမ္ဘာပေါ်ရှိရှိသမျှ မြို့ရွာ အားလုံးထက်စာရင် အဲဒီရွာလေးဟာ ကောင်းကင်ဘုံနဲ့အနီးဆုံး နေရာမှာရှိပါတယ် … “ အပိုလို ” နေနတ်သားနဲ့ သက်တံ့နတ်သမီး “ အိုင်းရစ် ” တို့မှာ သမီးလေးထွန်းကား လာတဲ့အခါ နတ်ဗိမ္မာန်တစ်ခု ပေါ်လာရပါတယ် … အဲဒီဗိမ္မာန် ကပဲ ရွာကလေးထံနေရောင်မရောက်အောင် ကာဆီးထားခဲ့တယ် … နတ်သမီးလေး ကတော့ ဒီအကြောင်းကို ယောင်လို့တောင် မတွေးမိခဲ့ဘူး … အလှနတ်ဘုရားမ “အဖရိုဒိုက်” ကိုတုနှိုင်းတဲ့အလှတွေနဲ့ ကြယ်သတို့သားများစွာခြံရံ ကာ နေခဲ့တယ် … အတိတ်ကံကြမ္မာဝဋ်ကြွေးဆိုတာ နတ်သမီးလဲမရပါဘူး … နှစ်ပေါင်း ၃၀၀ သာ စံစားရမယ့် ဇာတာတစ်ခု နတ်သမီးလေးမှာ ပါလာ ခဲ့တယ် …
အခုဆို နှစ်ပေါင်း ၂၅၀ ကုန်လွန်ခဲ့ပြီးပါပြီ …


… … ဆက်လက်ရေးသားပါမည် …. ….

Read More...

ပိုး

ပိုး

မိစ္ဆာတွေကြီးစိုးရာ အရပ်မှာ
အလင်းတို့ ခိုး ခိုး ပြီး တံခွန်ထူကြ … …

မှုန်ရီစွာ သင်းမြဖို့
ပန်းပွင့် ကို တူးဆွခဲ့ သလား …
မသေချာမှုကတော့
မနက်ဖြန် အပေါ်ကို
မနက်ဖြန် လဲကျစေခဲ့တယ် … …

ကောင်းမွန်စွာ ထုပ်ပိုးထားပါကွယ် …
လမ်းမရွေးတဲ့ ငါ့ခြေထောက်တွေက
တောင်တန်းကိုလဲ ဖောက်ချင်တယ် … …

ကောက်ကြောင်းတွေတူတဲ့အခါ …
ဘ၀ဟာ …
အစကို ပြန်ပြန် ရောက်လာပြီး …
ညနေက …
ကမ္ဘာကို ကြိုဆိုချင်လာတယ် … …

ငါ နဲ့ ငါ့အရိပ်လေးကတော့ …
ချပ်ဝတ်တန်ဆာတွေ ပြင်သ …
အဲဒီခဏမှာပဲ …
ဟိုးအဝေးက …
စစ်မောင်းသံကို ကြားရတယ် … …

တည်ညိမ်းကို

Read More...

Friday, January 18, 2008

မှတ်တမ်း

ကျွန်တော် တတိယနှစ်လောက်က ရေးထားတဲ့ကဗျာလေးပါ …
ခံစားပေးကြပါအုံး … …

မှတ်တမ်း

နှင်းဆီလို ဖူးတိုင်း
ရူးခဲ့ရတဲ့ နှုတ်ခမ်းလေးရေ …
ကျန်းခမ်းသာလို့ မာပါစ … …

ပင်လယ်တွေ ပြာသေးလား …
ကောင်းကင်ကြီးရော ပြာသေးလား …
မျက်ကန်းတစ်ယောက်ကတော့
ဘယ်ဘက်ပါးလေးကိုပဲ
သ , သ နေခဲ့ပေါ့ … …

မိုးပြိုလိမ့် မယ်လို့တော့
ဘယ်တွေးခဲ့ ဖူးမလဲ …
“ တေ့လွဲ ” ဆိုပေမယ့်
ဒီ အသဲကတော့ ကွဲတာပါပဲ … …

မင်းဘ၀ကိုအုပ်မိုးဖို့
ကဗျာတွေပဲတတ်နိုင်ခဲ့တဲ့ကောင်
အိပ်မက်တောင် စည်းမကျော်ကြေး …
ဒီလိုနဲ့ပဲ နေရစ်ခဲ့
ရေတိမ်နစ်တဲ့ ငါ့ညတွေအကြောင်းကိုတော့
ပလက်ဖောင်းလေးကိုပဲ ပြောဖြစ်တယ် … …

ချစ်သူ … … !
ဝေးပြီလို့ မသတ်မှတ်မခြင်း
ငါတို့ မဝေးဘူး …
ဘ၀ကို လက်ပစ်သာကူးခဲ့ပါကွယ် …
ဒီဘက်ကမ်းမှာလဲ
သနပ်ခါးပန်းတွေ ပွင့်ပါတယ် …

အခုတော့ … နေရစ်ခဲ့ပါကွဲ့ …

ငါ့အနာဂတ်မှာ ရေးမယ့် …
မင်းရဲ့အကြောင်း …
ခေါင်းလောင်းသံကဗျာတွေက …
... … ရှည် … … … တယ် … …
တည်ညိမ်းကို





Read More...

ကန္တာရပုံပြင်

ကျွန်တော် ရေးနေကျ ပုံစံကို သွေဖယ်ထားတဲ့ကဗျာတစ်ပုဒ်ပါ …
စကားလုံးတွေကြတ်နေရင် ကျွန်တော်မကြိုက်ပါဘူး …
ဒီကဗျာလေးမှာတော့ ကျွန်တော်က အကြောင်းအရာကို အဓိကထားပါတယ် …
ခံစားဝေဖန်ပေးကြပါအုံး ခင်ဗျာ … …

ကန္တာရ ပုံပြင်

ဆယ်နှစ်ဆယ်မိုး စိမ်းမြလာလိုက်တာ
ကန္တာရ ပါလို့ပြောရင်
ဘယ်သူယုံမှာလဲ … …

ပူလင်းပြင်းရှမှုတွေ အကြား
အလျော်အစားများတဲ့ အဲဒီကန္တာရမှာ
ကုလားအုတ်က လူကို စီးတယ် … …

ဘာမှမပေးခဲ့ပေမယ့်
တစ်စုံတစ်ခု ရလိုက်သလိုမျိုး
ကန္တာရသူ ကန္တာရသားတွေ ကျေနပ်ကြ
နှစ်ချုပ်စာရင်း ကျမှ
သူတို့ အရင်းမကျေ မှန်း သိကြ ပေါ့ … …

သက်ပြင်းတွေ အစင်းစင်း ခြွေကြ …
တိတ်တခိုး တက်ခေါက်ကြ …
ကောင်းကင်ဘုံမှာ ပွဲတော်ရှိတဲ့ညက
ကန္တာရတော်လှန်ရေး ကို စ ကြတယ် … …

မီးခိုးလှိုင်းတွေလဲ မုန်တိုင်းလို မှိုင်းလို့ …
လူသံ၊ ကုလားအုတ်သံတွေလဲ ပြိုင်းရိုင်းလို့ …
ကံကြမ္မာကလဲ သူ့ရဲ့ စစ်မြင်းကို သ လို့ … …

ပူလင်းပြင်းရှမှုတွေ အကြား
အလျော်အစားများတဲ့ အဲဒီကန္တာရမှာ
အခုတော့ …
လူက ကုလားအုတ်ကို ပြန် စီးတယ် … …

တည်ညိမ်းကို

Read More...

Thursday, January 17, 2008

မှော်

မှော်

ခရမ်းပြာ တိမ်ခိုး
အက်ဆစ်မိုးတို့ ညိုကြပြီ … …

ခြေဗလာ အတွက်တော့
လမ်းတိုင်းက ဆူးခင်း …
မျှော်လင့်ရင်း အဆိပ်သင့် …
အံကြိတ်ခြင်းအကျင့်လဲ ရခဲ့တယ် …

ကံဆိုးလှတယ်ရယ်တော့မဟုတ်ပါဘူး …
မမှောင်ခင်အထိတော့
ငါတို့ဘ၀တွေ မွှေးမြခဲ့ပါရဲ့ … …

ကောင်းမြတ်ခြင်းတွေ အရောင်ပြောင်းတဲ့အခါ …
ငါ့အတောင်ပံတွေ မိုးစိုတဲ့အခါ …
ဘ၀ဟာ …
ကိုယ့်အရိပ်ကိုယ် ၀ှက်ရ …
အိပ်ကပ်ထဲက “သုည” လေးကို ကာကွယ်ရ … …

ကွာကျဖို့သင့်ပါပြီ မျက်နှာဖုံးတွေရယ် … …

ဒီတစ်ခါ …
စီးလာတဲ့သင်္ဘောလေး ကမ်းကပ်ရင်…
ရွှေအိုရောင်တွေ လင်းပြ
ကြယ်တစ်ရာ လဲ မခြံရံ ကြနဲ့ …
ငါ့အိပ်မက်ရဲ့ ဈာပန ကို
ငါ့ဖာသာပဲ ချချင်တယ် … …

တည်ညိမ်းကို

Read More...

Wednesday, January 16, 2008

ကျွန်တော့် ဘလော့ဂ်လေး သန္ဓေတည်ခဲ့ရခြင်း

အထူးခြားဆုံးကတော့ ကျွန်တော့်ရဲ့ အမှတ်တရထားချင်စိတ်တွေပြန်လည်နိုးထလာလို့ပါပဲ …နားရှုပ်သွားမယ်ထင်ပါတယ်…ဒီလိုပါ …တစ်ခါက … ချစ်သူသက်တမ်းတစ်နှစ်ပြည့်ကို မမှတ်မိတဲ့ကျွန်တော့်ကို …ချစ်သူကစိတ်ဆိုးဖူးပါတယ်… ဘာလို့လဲဆိုတော့ …အဲဒီနေ့ကို ကျွန်တော်ကမှတ်မထားမိလို့ပါ …ကျွန်တော်ဆိုတဲ့ကောင်ကလဲ …ခက်တယ် … …
လိုရင်းကိုပဲပြောပါတော့မယ် … ချစ်သူကြောင်းပြောနေရရင် လူတိုင်းလူတိုင်း ထမင်းမေ့ဟင်းမေ့ဖြစ်တတ်လို့ပါ … …
ကျွန်တော်လဲ ကဗျာတွေရေးပြီရင် ကော်ပီလေးတော့သိမ်းထားတတ်တယ်…စာအုပ်လေးတစ်အုပ်နဲ့ပေါ့ ...တစ်ရက်တော့ …သူငယ်ချင်းတစ်ယောက်က အဲဒီစာအုပ်ကိုလာငှားတယ် …ဖြစ်ချင်တော့ … အဲဒီသူငယ်ချင်းနဲ့ ဒီနေ့အထိ အဆက်အသွယ်မရခဲ့ဘူး …ကျွန်တော့်မှာတော့ …သားသမီး အိမ်ပေါ်ကဆင်းသွားတဲ့မိဘလို …သံယောဇဉ်ကလဲ မပြတ်ဘူး …. ဘယ်လိုက်ရှာရမှန်းလဲ မသိဘူး …
အဲဒါနဲ့ပဲ ဂိုထောင်တစ်ခု ( Hosting ) တွေ့တာနဲ့ …ကျွန်တော့်ကဗျာတွေကို … …သိမ်းဆည်းတဲ့သဘောပါ …
နောက်ရည်ရွယ်ချက်တစ်ခုကတော့ … …
ကဗျာဆိုတာ … … ကဗျာဆရာမက်တဲ့အိပ်မက်ပါ …အိပ်ရာကနိုးလာတိုင်း ပြန်ပြန်ပြောပြချင်သလိုမျိုး …. ….
ကဗျာဆိုတာ … …ကဗျာဆရာရဲ့ ၀မ်းနဲ့လွယ်ပြီးမွေးထားတာပါ …ကိုယ့်ရင်သွေးကို… လူပုံအလယ်မှာတင့်ဆန်းစေချင်သလိုမျိုး … ...
အဲဒါကြောင့်ပဲ …
ကျွန်တော် ……ဒီ “ နေရာလွတ်များ ” ဘလော့ဂ်ကို ရေးပါတယ် … … တည်ညိမ်းကို

Read More...

Tuesday, January 15, 2008

သံချေးတက်ခြင်း

သံချေးတက်ခြင်း

နောက်ဆုတ်လိုက်ရတဲ့ခြေတစ်လှမ်းမှာ
လွမ်းဖျားလွမ်းနာပါတယ် … …
အခါခါတမ်းတရမယ့် ဝေဒနာပါတယ် … …
မျှော်လင့်ချက်အသေတစ်ခုပါတယ် … …

တစ်ဘ၀ကို နှစ်ခါသေခိုင်းရက်ခဲ့ … …

တစ်နေ့တစ်လံသွားလဲ
ငါ့အတွက်တော့ ပုဂံကရွေ့ခဲ့ပြီ … …

ချစ်ခြင်းမေတ္တာမှာ
အမှားအမှန်သိခြင်း ရှိရဲ့လား
ဒီလိုနဲ့ပဲ
ကျောခြင်းကပ်ရင်းဝေးခဲ့ပေါ့ … …

ကောင်မလေးရေ … …
ငါဆိုတဲ့ကောင်ကတော့
အလင်းတွေပဲ သယ်ခဲ့တာပါ …
ကိုယ့်အလင်းနဲ့ကိုယ် ပြန်ပြန်မှောင်ရင်း
ဘ၀မှာ ပထမဆုံးအကြိမ်
မီးကို စတင်တွေ့ရှိခဲ့တယ် … …

တည်ညိမ်းကို



Read More...









ကျွန်တော့်ကဗျာလေးတွေ
လှတပတလေးဖြစ်သွားအောင်ပါ …
မျက်စိနောက်စရာများဖြစ်သွားသလားမသိပါဘူး … ….
အချိန်ရရင်တော့ …
ကျွန်တော့်ကဗျာလေးတွေကို
ဒီလို ပုံစံမျိုးနဲ့ပဲမြင်ချင်တာ ကျွန်တော့်ဆန္ဒပါ … …
ကိုယ်မွေးထားတဲ့ သားသမီးကို
လှပ တောက်ပြောင်စေချင် သလိုမျိုးပေါ့ …
အမှန်အတိုင်း ပြောရရင် …
ဒီကဗျာလေးတွေကို
ကျွန်တော့်ဝမ်းနဲ့လွယ်ပြီး မွေးထားခဲ့ရတာပါ … …





Read More...

အနီရောင်

အနီရောင်

တစ်စတစ်စ ပြင်းရှလာလိုက်တာ
မီးခိုးလုံးလုံးဖြစ်တော့မှ
ကိုယ်ကိုယ်တိုင်လောင်ကျွမ်းနေမှန်းသိခဲ့ရ … …

မီးတောက်ဟာ
သူမ,လို စူးရှပေမယ့်
သူမ,ကတော့
မီးတောက်လို
မပြင်းပြပြန်ဘူး … …

ဝေးပြီပြောရုံနဲ့
နှလုံးသားကို ထုပ်သိမ်းခဲ့
ကဗျာတွေကိုလဲ စိတ်နာတတ်ခဲ့ပြီ … …

လာလမ်းအတိုင်းမပြန်ခင်
လွမ်းခွင့်တွေရောရှိရဲ့လား … …
ရထားတကာဆိုက်တဲ့ဘူတာရုံကတော့
( တစ်ယောက်ထဲ )
မနိုင်ဝန်ထမ်းနေခဲ့ရပေါ့ … … …

တည်ညိမ်းကို

Read More...

ခရီး

ခရီး

ကောင်းကင်ကို မော့မော့ကြည့်ရင်း
ကြီးပြင်းလာလိုက်တာ ... ...

အရာရာကို ဆုတ်ကိုင်လိုက် ...
တစ်ခုမှမကျန်အောင် လွတ်ကျသွားလိုက် ...

ဘ၀ကိုတိုင်းတဲ့ပေတံရှိသတဲ့ ...
အမှန်တရားကိုတိုင်းဖို့မေ့လျော့ခဲ့ကြ
သူတို့တစ်ဘ၀စာ ... ...

အဝေးကကြားနိုင်တဲ့အသံတွေ ...
ရွှေမှုန်ကြဲသော အိပ်မက် ...
ပြင်းပြစွာ တပ်မက်မှုများ ...

တစ်နေရာရာမှာတော့
မုန်တိုင်းတွေစဲလိမ့်မယ် ...

မီးအိမ်တစ်လုံးလို
ကိုယ့်ကိုယ်ကို ထွန်းညှိ
မုတ်သုံလာလာ မလာလာ ရွက်လွှင့်မယ်
လူပြောများတဲ့ အဲဒီပင်လယ်ထဲမှာ ... ...

တည်ညိမ်းကို

Read More...

အလွဲ

အလွဲ

ငါ မကြိုက်တဲ့အရောင်နဲ့ … …
ငါမကြိုက်တဲ့ရနံ့နဲ့ … …
ငါကြိုက်တဲ့ပန်းက ပွင့်လန်းနေလိုက်ပုံများ … …

ပွင့်ဖတ်တွေကရော
စိတ်လိုလက်ရ ရှိရဲ့လား … …?

မကြာမကြာ ကဗျာရွတ်တဲ့ငှက်ကလေး
အဲဒီပန်းလေးကြွေတုန်းက ပျံသွားတယ် … …

တည်ညိမ်းကို


Read More...

ကျွန်တော့်ကို ကဗျာတွေချစ်တတ်လာအောင် …
ကဗျာရေးချင်စိတ်တွေ ဖြစ်ပေါ်လာအောင် …
တွန်းအားတွေပေးခဲ့တဲ့ကဗျာတစ်ပုဒ်ပါ …
ဆရာတာရာမင်းဝေ ဟာ ကျွန်တော့်ရဲ့မြင်ဆရာတစ်ယောက်ပါပဲ …
ဘလော့ဂ်အဖွင့်မှာ ဆရာ့ရဲ့ကဗျာလေးနဲ့ပဲ စတင်ပါရစေ … …

မီးတောက်ရစ်သမ် -တာရာမင်းဝေ-

(၁)
အခုလို
လှပအေးစက်နေတဲ့ညမှာပဲ
ငါပျိုးထားတဲ့မြနှင်းဆီဟာ
ကြယ်တစ်ရာ ခြံရံပြီးကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောင်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေစိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။

ချစ်ခြင်းမေတ္တာ ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုန်းလို
နောက်ဆုံးမှာ
မီးခိုးလုံးများ ဖြစ်သွားရော့မလားလို့
နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကိုပြုစားဖို့
ဘယ်နတ်ဘုရားထံ
နင့်လက်တွေဖြန့်ကာတောင်းခံခဲ့သလဲ
ငါ့ရာဇ၀င်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ။

လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ စံပယ်ရွက်ပေါ်မူးလဲ
အသည်းကွဲတယ် ဆိုတာ
သီချင်းလေးတွေတိုတိုးညည်းရင်းက
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ
သိုးကျောင်းသားရဲ့ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့သတိရခြင်းမျိုးက
ငါ့ကိုဆီးမိုးထားတယ်။

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့မျက်ဝန်းစိမ်းလဲ့မှာ
ငါဘယ်လိုမှ မေ့မရတဲ့
မဟာလင်္ကာတစ်ပိုင်းတစ်စရှိနေလေရဲ့။

အဲဒီလိုနဲ့ပဲ
ငါပြန်လည်ချည်နှောင်ခဲ့ပါမယ်
ချစ်သော..ဖဲကြိုးဝါကလေးရယ်
(လက်နက်မပါဘဲ
အချစ်ဝင်္ကပါမှာ ငါမတိုက်ရဲဘူး)
ညံ့တယ်လို့ပဲ
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့။

လျှပ်စစ်မျှင်တန်းလို့
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ
ခုရထားတို့ ဥသြဆွဲလိုက်ကြပြီ
ပြီးဆုံးသွားပါပြီ … ….
အားလုံးပြီးဆုံးသွားပါပြီ… … တဲ့။


(၂)
အရှေ့ လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ငါတို့ရဲက မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်။

ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။

ထိပ်ထားရယ်..
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်။

ငါကဆပ်ပြာပူဖောင်းကိုခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူမဟုတ်ခဲ့၊
ဒါပေမယ့်
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
မေတ္တာ ကိုပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ။

ငါ့ကိုသတ်ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်။

ဝိုင်ယာကြိုးတွေ
ထောင်းခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင် အတိကျသွားတဲ့
အန္တ တို့ရဲ့ အိမ်အိုမှာ
တေလေပီသစွာ ငါနေတယ်။

တိတ်ဆိတ်ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
... … ကိုချစ်တယ်လို့
ဘယ်ဆီဘယ်ဝယ် ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ။

“အုံ့ပုံးချစ်” သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲလို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက
ငါ့ကိုပြောပြတယ်။

အဲဒီလိုနဲ့
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုးတုန်းကလိုပဲ
ငါ့ဆီမှာ မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ။

(၃)
“လူဆိုတာ
လင်းဝေစိမ်းမြတဲ့ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ည ကို..ပိုသတိရတတ်တယ်”

ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ်စိုက်ပေးထားပါ။
တကယ်တော့ အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။

ဟိုးငယ်ငယ်ကျောင်မပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ်ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။

ငါ့သတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်နှစ်သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ။

ကြောက်မက်ဖွယ်ရာလူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွား” ဖြစ်ချင်ခဲ့တာကိုး။

အိမ်အပြန် ညများစွာမှာ
ဘယ်သူမှ မပြောချင်တဲ့ စကားတွေပွေ့ပိုက်
ကိုယ့်ကိုယ်ကိုယ် “လူမိုက်” လို့ပြန်ခေါ်ခဲ့ရတယ်။

၁၉၉၃...၁၉၉၄...
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ်လဲကျနေတယ်။

နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ..ညများ
ပိတောက်ပိုင်းဖျားမှာ..၀ပ်တွားစုရုံး
ငါ့ကို..ချည်ထုံးခဲ့တာ..
(ခုအချိန်တိုင်အောင်..
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။





(၄)
မြို့ပြင် လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယားကင်ဆာ၊အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့ကြေညာချက်ကတော့
နင့်ကိုထာဝရ ချစ်နေမယ်ဆိုတာပါပဲ။

ထိပ်ထားရယ်
ဖြစ်နိုင်မယ်ဆိုရင်
ဂန္ထ၀င်ပန်းပုရပုဒ်မှာ
နန်းသုံးအက္ခရာနဲ့ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်။

နင့်အပေါ်ထားတဲ့ငါ့ရဲ့ချစ်ခြင်းမေတောဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွားလင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ။

ကျောင်းရှေ့ကစံပယ်ရုံမှာ
ဗီးနပ်စ် ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ
လမင်းကလေးသာခဲ့ဖူးတယ်။

ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာ ကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ့တေိ
မြရာပင်ကြီးသိပါတယ်။

ကမဃာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာဝေ ၀ါး
ပညာရှင်ကြီးများရယ်
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ်မဆုံးဖြတ်ပါနဲ့ဦး။

]ချစ်သူကိုတောင်
ချစ်တယ်လို့မပြောရဲတဲ့ကောင်
ရာစုတစ်ထောင်နေရစ်ခဲ့
ထိုသို့ဖြင့် စကားမဲ့စေသတည်း}

မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်းယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်။

ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်သစ္စာသာ
သြော် ငါ့ကိုလေ..
နားလည်ပါ..နားလည်ပါ..
နားလည်စမ်းပါ။

(၅)
အဲဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ဘယ်ဘက်လက်က
အနက်ရောင်ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကိုစီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့ သ လို့နေခဲ့ပေါ့။

ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ
သံမှုန်တွေကပ်ပါနေရဲ့
ငါ..ဘာကိုမှ မကြောက်ခဲ့ဘူး။

ဟောဒီလောက တောက်လျှောက်
ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုည ကမြတ်တယ် တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။

မင်းကကောဘာလဲ လို့
အန္တ တွေက ၀ိုင်းမေးတော့
၁..၂..၃..၄..၅..
၆..၇..၈..၉..ဝ
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက်ဂဏန်းမရှိဘူး။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ ကမ္ဗည်း
လကွယ်ညရောက်တိုင်း..ငါ
ဂစ်တာတီးနေမယ်။

ကျဆုံးတော့မဲ့စစ်သူရဲကအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။

ထိပ်ထားရေ
ထိပ်ထားရေ
ထိပ်ထားရေ
သစ်ခုတ်သမားတွေမရှိတဲ့တိုင်းပြည်မှာ
ငါလယ်သမားဖြစ်ချင်တယ်
နင်ဘုရင်မ လာမလုပ်ရဘူးနော်။

တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့်မပါလို့
ရွာဇနပုဒ်နဲ့မိုးရေထဲ
ငါ..တစ်ယောက်တည်း
မျက်ရည်ဝဲ နေရပါဦးမယ်။

ငါကလည်းခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမ၀င် အင်ပါယာ
ဘယ်ဟာယူမလဲလို့မေးလာရင်
ဒုတိယအရာကို ငါ..ငြင်းတယ်။

အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်
ကာလများစွာ ကြာပြီကောလေ..။



(၆)
တောင်ညိုမှာ ပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲကအခါ
တောင်ပင်လယ် ကဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။

ဟေး..ငါပြောမယ်
အက်ဆစ် တိမ်ခိုးတို့
မုတ်သုန်ကိုနှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ။

မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ..
ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ်...။

သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကို စားတဲ့
ချောက်ချားဖွယ်စကားမဲ့ည
တစ်ခြမ်းပဲ့ လ ပဲ ဖြစ်တယ်။

အိမ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက..
မြေကိုရှိခိုး
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။

အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ..မရောက်ရောက်အောင်သွားမယ်။

ပြီးတော့..
ခရိုးခရိုင်..လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်းစာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်။

အရက်သမားက
သူတစ်ပါးကိုလွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်။

လေညင်းကလေးရေ
ငါမြတ်နိုးတဲ့ ကမ္ဘာရဲ့ ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ့ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ။

လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ..ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦးနော်။

(ရ)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်..အညတရမိုး..ရေ
နေပါစေတော့..။

အဲဒီညဟာ
တစ်ခြမ်းပဲ လ က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလံမီ ည ဖြစ်တယ်။

မြက်ရိုင်းက..
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက..
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ..တို့ဝေးလိုက်ကြပါစို့။

ချစ်သူကိုမြတ်နိုးရုံနဲ့
အရာအရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု..ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်။

တေလေဘ၀ရဲ့
ပထမဆုရအမှားတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ်လက်ဆွဲ..
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။

ထိတ်ထားရေ
ကချေသည်တို့ရဲ့တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင်ထာဝစဉ် ချမ်းမြေ့စေသား..
ကောင်းသော မိုးသောက်ချိန်ကလည်း
ငြိမ်သက်တည်ကြည်စေ..
ငါ..ဆုတောင်းပေးနေမယ်..။

ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း
စကားပြောရင်း
သီချင်းလေးတွေဆိုရင်
မင်း..ငါ့ကို မေ့သွားမှာပါ။

ခုတော့..သွားတော့နော်
ငါချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
ဘ၀ ဆိုတဲ့ မာယာနိုင်ငံအိုက
စောင့်ကြိုလို့ နေရော့မယ်..
သာမည လမ်းခွဲမှာ..
ဝမ်းမနည်းသလို ငါတို့ နှုတ်ဆက်
မနက်ဖြန်ခါမှာ..အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ..အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ..အောင်မြင်ပါစေ..
ထိပ်ထားရေ။

Read More...