Wednesday, January 23, 2008

နတ်သမီး အိပ်ဆေး ( ၅ )

နောက်ပိုင်းရက်များမှာတော့ ပန်းပဲသမားလေးနဲ့ နတ်သမီးလေး ဟာ … စားချိန်ကလွဲရင် ပန်းသီးပင်လေးအောက်မှာပဲ တတွဲတွဲရှိနေခဲ့ကြတယ် … အဲဒီ ပန်းသီးပင်လေးဟာလဲ နတ်သမီးလေး အလိုမကျတိုင်း တိုင်တည်ပြီး ငိုနေကြ ပန်းသီးပင်လေးပေါ့ … တစ်နေကုန် ပန်းသီးပင်လေးအောက်မှာ နှစ်ယောက်သားရှိနေခဲ့ပေမယ့် ညပိုင်းတွေမှာတော့ ပန်းသီးပင်လေးကိုအဖော်လုပ်ပေးခဲ့တာ နတ်သမီးလေးတစ်ယောက်ထဲပါ … အခုဆိုရင်နတ်သမီးလေး မအိပ်တာ ၁၀ ရက်ရှိပါပြီ …
တစ်ရက်မှာတော့ … နတ်သမီးလေးမအိပ်ပဲနေခဲ့တာ ကြာပြီဆိုတဲ့အကြောင်း ပန်းပဲသမားလေးသိသွားပါတယ် … ဘယ်သူမဆို ချစ်ဦးသူအတွက် အေးမြမှုတွေကိုပဲပေးချင်ကြပါတယ် … နတ်သမီးလေးကို ရင်ခွင်အစုံမှာ ထွေးပွေ့ထားရင်း အိပ်စက်ခြင်းဆို တာလိုအပ်တဲ့ အကြောင်း ၊ တစ်စုံတစ်ခုဖြစ်သွားမှာစိုးရိမ်ကြောင်း ပန်းပဲသမားလေးက တဖွဖွပြောပါတယ် … နတ်သမီးလေးကတော့ ရင်ခွင်ထောင့်လေးမှာ ပြုံးပြုံးလေးနားထောင်ရင်း ချစ်ရသူပြောစကားတိုင်း အရာရာခေါင်းငြိမ့်နေတာပေါ့ …
ပန်းပဲသမားလေးက … ဒီညနေမှာ နတ်သမီးလေး အတွက် အိပ်ဆေးယူလာမယ့် အကြောင်း ၊ နောက်နောင် ည တွေမှာ အဲဒီအိပ်ဆေးကြောင့် အိပ်စက်ခြင်းအကျင့်တွေပြန်ရလာ ပြီး နတ်သမီးလေးအတွက် သူစိတ်အေးရမယ့် အကြောင်းတွေပြောပါတယ် …
အဲဒီအိပ်ဆေးကိုနတ်သမီးလေး မသောက်ချင်ကြောင်း ငြင်းပါတယ် … ပန်းပဲသမားလေးကမေးတော့ … ဒီနေ့ဟာ နှစ်ပေါင်း ၃၀၀ ပြည့်တဲ့နေ့ … သူမ မပျောက်ကွယ်မခြင်း ချစ်ရသူနဲ့ အတူတူပျော်ရွှင်စွာ နေထိုင်သွားချင်တဲ့အကြောင်း မျက်ရေတွေနဲ့ပြောပြပါတယ် … ပန်းပဲသမားလေးကတော့ ရယ်မြဲရယ်လို့ … နတ်သမီးလေးပြောတဲ့ နောက်ကြောင်းရာဇ၀င်တွေကို အစကတည်းက မယုံကြည်ခဲ့တဲ့အကြောင်း … နတ်သမီး နဲ့ သာမန်လူသားတစ်ယောက်ဆုံတွေ့ဖို့ဆိုတာ ဒဏ္ဍာရီတစ်ပုဒ်ပဲဖြစ်ကြောင်း … အခုလောလောဆယ်ဆယ်တော့ နတ်သမီးလေး ပုံမှန်အိပ်နိုင် ဖို့အရေး အိပ်ဆေးမဖြစ်မနေ လိုအပ်ကြောင်း ကိုပဲ ဇွတ်ပြောပါတော့တယ် …
ပန်းပဲသမားလေး ပန်းပဲဖိုကိုထွက်သွား ပြီးကတည်းက … နတ်သမီးလေးဟာ နတ်တို့သာစားကြတဲ့ စားသောက်ဖွယ်ရာများကို ဖန်ဆင်းပါတော့တယ် … အရာအားလုံးဖန်ဆင်းပြီးချိန်မှာ ရွာသူရွာသားတွေကို အဲဒီစားသောက်ဖွယ်ရာတွေ ဝေငှပါတယ် … တစ်ဘ၀မှာ တစ်ခါသာ ခံစားဖူးတဲ့ အရသာအတွက် သူမရဲ့ တဲအိမ်လေးကတော့ ရွာသူရွာသားတွေနဲ့ ထုံဝန်းလို့နေခဲ့တယ် …
အားလုံးပြီးဆုံးသွားတော့မှ သူမရဲ့ ပန်းသီးပင်လေးအောက်မှာထိုင်ရင်း သူမရဲ့နောက်ဆုံးသောချစ်ခြင်းအိပ်မက်တွေကိုဖျက်မယ့် ချစ်ရသူရဲ့ အိပ်ဆေးတစ်ခွက်ကို စောင့်မျှော်နေပါတော့တယ် …
အဲဒီညက … ကြယ်ပေါင်းစုံလင်းကြတယ် … လရဲ့အလင်းရောင်ရတဲ့အချိန်ကိုနေ့ ၊ အမှောင်လုံးလုံးကျရောက်ချိန်ကို ည လို့သတ်မှတ်ထားတဲ့ ရွာလေးအတွက် … ကြယ်ပေါင်းစုံလင်းတဲ့ညလေးဖြစ်ပေါ်လာပါတယ် …
နှင်းတွေကလဲ… ခါတိုင်းလို သဲကြီးမဲကြီး ရွာမနေကြတော့ဘူး … အလွမ်းရဲ့အကြောင်းကို သူတို့ကြိုပြီး သိနေကြ သလိုလို …


… … ဆက်လက်ရေးသားပါမည် … …

No comments:

Post a Comment