Tuesday, January 15, 2008

ကျွန်တော့်ကို ကဗျာတွေချစ်တတ်လာအောင် …
ကဗျာရေးချင်စိတ်တွေ ဖြစ်ပေါ်လာအောင် …
တွန်းအားတွေပေးခဲ့တဲ့ကဗျာတစ်ပုဒ်ပါ …
ဆရာတာရာမင်းဝေ ဟာ ကျွန်တော့်ရဲ့မြင်ဆရာတစ်ယောက်ပါပဲ …
ဘလော့ဂ်အဖွင့်မှာ ဆရာ့ရဲ့ကဗျာလေးနဲ့ပဲ စတင်ပါရစေ … …

မီးတောက်ရစ်သမ် -တာရာမင်းဝေ-

(၁)
အခုလို
လှပအေးစက်နေတဲ့ညမှာပဲ
ငါပျိုးထားတဲ့မြနှင်းဆီဟာ
ကြယ်တစ်ရာ ခြံရံပြီးကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောင်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေစိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။

ချစ်ခြင်းမေတ္တာ ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုန်းလို
နောက်ဆုံးမှာ
မီးခိုးလုံးများ ဖြစ်သွားရော့မလားလို့
နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဖူးတယ်။

လူငယ်တစ်ယောက်ကိုပြုစားဖို့
ဘယ်နတ်ဘုရားထံ
နင့်လက်တွေဖြန့်ကာတောင်းခံခဲ့သလဲ
ငါ့ရာဇ၀င်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ။

လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ စံပယ်ရွက်ပေါ်မူးလဲ
အသည်းကွဲတယ် ဆိုတာ
သီချင်းလေးတွေတိုတိုးညည်းရင်းက
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ
သိုးကျောင်းသားရဲ့ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့သတိရခြင်းမျိုးက
ငါ့ကိုဆီးမိုးထားတယ်။

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့မျက်ဝန်းစိမ်းလဲ့မှာ
ငါဘယ်လိုမှ မေ့မရတဲ့
မဟာလင်္ကာတစ်ပိုင်းတစ်စရှိနေလေရဲ့။

အဲဒီလိုနဲ့ပဲ
ငါပြန်လည်ချည်နှောင်ခဲ့ပါမယ်
ချစ်သော..ဖဲကြိုးဝါကလေးရယ်
(လက်နက်မပါဘဲ
အချစ်ဝင်္ကပါမှာ ငါမတိုက်ရဲဘူး)
ညံ့တယ်လို့ပဲ
လက်ညှိုးထိုးပြီး ပြောလိုက်ပါတော့။

လျှပ်စစ်မျှင်တန်းလို့
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ
ခုရထားတို့ ဥသြဆွဲလိုက်ကြပြီ
ပြီးဆုံးသွားပါပြီ … ….
အားလုံးပြီးဆုံးသွားပါပြီ… … တဲ့။


(၂)
အရှေ့ လေတွေတိုက်တုန်းက
ခါးကုန်းနေတဲ့ငါတို့ရဲက မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်။

ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တစ်လွင်လွင်နဲ့
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။

ထိပ်ထားရယ်..
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေ ရွာမယ့်နေ့
နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင်
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်။

ငါကဆပ်ပြာပူဖောင်းကိုခိုစီးပြီး
မြင့်မိုရ်တောင်ကြီးနဲ့တိုက်မိမှာ
စိုးရိမ်ရှာသူမဟုတ်ခဲ့၊
ဒါပေမယ့်
လေပွေလမ်းကြောင်းများမှ
တုန်ဝါးဖျော့အေး
မေတ္တာ ကိုပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ။

ငါ့ကိုသတ်ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်။

ဝိုင်ယာကြိုးတွေ
ထောင်းခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ချည်း မှောင် အတိကျသွားတဲ့
အန္တ တို့ရဲ့ အိမ်အိုမှာ
တေလေပီသစွာ ငါနေတယ်။

တိတ်ဆိတ်ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
... … ကိုချစ်တယ်လို့
ဘယ်ဆီဘယ်ဝယ် ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ။

“အုံ့ပုံးချစ်” သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲလို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက
ငါ့ကိုပြောပြတယ်။

အဲဒီလိုနဲ့
မိုးကို ဆန့်မြှောက်ထားတဲ့
မမီနိုင်သော ကမ်းလက်တွေဟာ
ဟိုးတုန်းကလိုပဲ
ငါ့ဆီမှာ မြေမှုန်တွေ စွန်းထင်လျှက်ပါပဲလေ။

(၃)
“လူဆိုတာ
လင်းဝေစိမ်းမြတဲ့ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ည ကို..ပိုသတိရတတ်တယ်”

ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ်စိုက်ပေးထားပါ။
တကယ်တော့ အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။

ဟိုးငယ်ငယ်ကျောင်မပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ်ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။

ငါ့သတ္တိကောင်းကင်မှာ..နီလွင်ထစ်ချုန်း
တစ်နှစ်သုံး
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ။

ကြောက်မက်ဖွယ်ရာလူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွား” ဖြစ်ချင်ခဲ့တာကိုး။

အိမ်အပြန် ညများစွာမှာ
ဘယ်သူမှ မပြောချင်တဲ့ စကားတွေပွေ့ပိုက်
ကိုယ့်ကိုယ်ကိုယ် “လူမိုက်” လို့ပြန်ခေါ်ခဲ့ရတယ်။

၁၉၉၃...၁၉၉၄...
ငါ့ကဗျာလေးတွေ ဆွေးမြေ့ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ်လဲကျနေတယ်။

နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသော နေ့များ..ညများ
ပိတောက်ပိုင်းဖျားမှာ..၀ပ်တွားစုရုံး
ငါ့ကို..ချည်ထုံးခဲ့တာ..
(ခုအချိန်တိုင်အောင်..
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့ကွယ်။





(၄)
မြို့ပြင် လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ကြေးခေတ်
နျူကလီးယားကင်ဆာ၊အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့ကြေညာချက်ကတော့
နင့်ကိုထာဝရ ချစ်နေမယ်ဆိုတာပါပဲ။

ထိပ်ထားရယ်
ဖြစ်နိုင်မယ်ဆိုရင်
ဂန္ထ၀င်ပန်းပုရပုဒ်မှာ
နန်းသုံးအက္ခရာနဲ့ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်။

နင့်အပေါ်ထားတဲ့ငါ့ရဲ့ချစ်ခြင်းမေတောဟာ
မိုးပေါ်ကိုဦးမော့ပြီး
ဝင်းပစွားလင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ။

ကျောင်းရှေ့ကစံပယ်ရုံမှာ
ဗီးနပ်စ် ရဲ့ နက္ခတ်တို့ တလက်လက် ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ
လမင်းကလေးသာခဲ့ဖူးတယ်။

ချစ်သော ကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာ ကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ ဖြေမပြေသူလေး အတ္ထုပ့တေိ
မြရာပင်ကြီးသိပါတယ်။

ကမဃာဦးလူတို့လည်း (ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာဝေ ၀ါး
ပညာရှင်ကြီးများရယ်
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ်မဆုံးဖြတ်ပါနဲ့ဦး။

]ချစ်သူကိုတောင်
ချစ်တယ်လို့မပြောရဲတဲ့ကောင်
ရာစုတစ်ထောင်နေရစ်ခဲ့
ထိုသို့ဖြင့် စကားမဲ့စေသတည်း}

မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်းယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်။

ချို့တဲ့သော ကျောင်းသားဘဝ
ဆန္ဒရဲ့မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက်ပန်သစ္စာသာ
သြော် ငါ့ကိုလေ..
နားလည်ပါ..နားလည်ပါ..
နားလည်စမ်းပါ။

(၅)
အဲဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ဘယ်ဘက်လက်က
အနက်ရောင်ကျမ်းချပ်တစ်ပိုဒ်ဟာ
ငါ့ကိုစီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့ သ လို့နေခဲ့ပေါ့။

ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ
သံမှုန်တွေကပ်ပါနေရဲ့
ငါ..ဘာကိုမှ မကြောက်ခဲ့ဘူး။

ဟောဒီလောက တောက်လျှောက်
ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုည ကမြတ်တယ် တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်။

မင်းကကောဘာလဲ လို့
အန္တ တွေက ၀ိုင်းမေးတော့
၁..၂..၃..၄..၅..
၆..၇..၈..၉..ဝ
တစ်ခုမှမဟုတ်ဘူး
ငါ့အတွက်ဂဏန်းမရှိဘူး။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ ကမ္ဗည်း
လကွယ်ညရောက်တိုင်း..ငါ
ဂစ်တာတီးနေမယ်။

ကျဆုံးတော့မဲ့စစ်သူရဲကအိုက
ငယ်ဘ၀က ဓားနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါသတိရနေတယ်။

ထိပ်ထားရေ
ထိပ်ထားရေ
ထိပ်ထားရေ
သစ်ခုတ်သမားတွေမရှိတဲ့တိုင်းပြည်မှာ
ငါလယ်သမားဖြစ်ချင်တယ်
နင်ဘုရင်မ လာမလုပ်ရဘူးနော်။

တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့်မပါလို့
ရွာဇနပုဒ်နဲ့မိုးရေထဲ
ငါ..တစ်ယောက်တည်း
မျက်ရည်ဝဲ နေရပါဦးမယ်။

ငါကလည်းခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမ၀င် အင်ပါယာ
ဘယ်ဟာယူမလဲလို့မေးလာရင်
ဒုတိယအရာကို ငါ..ငြင်းတယ်။

အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံကော်ရွက် ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်
ကာလများစွာ ကြာပြီကောလေ..။



(၆)
တောင်ညိုမှာ ပျိုးတဲ့မိုးတွေ
နင့်မျက်နှာလုံးကို တိုးသက်တဲကအခါ
တောင်ပင်လယ် ကဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်။

ဟေး..ငါပြောမယ်
အက်ဆစ် တိမ်ခိုးတို့
မုတ်သုန်ကိုနှိုးပါ
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ။

မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ..
ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ်...။

သက်ပြင်းဝေေ၀
ခရေတို့ နှင်းစက်ဖားလျား
မျက်ရည်ကို စားတဲ့
ချောက်ချားဖွယ်စကားမဲ့ည
တစ်ခြမ်းပဲ့ လ ပဲ ဖြစ်တယ်။

အိမ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက..
မြေကိုရှိခိုး
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ေ၀၀မ်းနည်းခဲ့ရတယ်။

အခင်ဆုံး မဖြစ်ခဲ့ပေမဲ့
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ..မရောက်ရောက်အောင်သွားမယ်။

ပြီးတော့..
ခရိုးခရိုင်..လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်းစာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဖန်ဆင်းပစ်မယ်..ကွယ်။

အရက်သမားက
သူတစ်ပါးကိုလွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်။

လေညင်းကလေးရေ
ငါမြတ်နိုးတဲ့ ကမ္ဘာရဲ့ ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ့ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ။

လေစီးထဲမှာ
ဖွာကြဲလှပနေရှာမဲ့
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ..ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦးနော်။

(ရ)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်က ရွာချတဲ့
ငါ့အတွက်..အညတရမိုး..ရေ
နေပါစေတော့..။

အဲဒီညဟာ
တစ်ခြမ်းပဲ လ က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလံမီ ည ဖြစ်တယ်။

မြက်ရိုင်းက..
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက..
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ..တို့ဝေးလိုက်ကြပါစို့။

ချစ်သူကိုမြတ်နိုးရုံနဲ့
အရာအရာကို လက်ဖြန့် မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု..ချွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်။

တေလေဘ၀ရဲ့
ပထမဆုရအမှားတွေကို
လွယ်အိတ်ညိုထဲ ထည့်ပြီး
မီးအိမ်လက်ဆွဲ..
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။

ထိတ်ထားရေ
ကချေသည်တို့ရဲ့တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင်ထာဝစဉ် ချမ်းမြေ့စေသား..
ကောင်းသော မိုးသောက်ချိန်ကလည်း
ငြိမ်သက်တည်ကြည်စေ..
ငါ..ဆုတောင်းပေးနေမယ်..။

ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း
စကားပြောရင်း
သီချင်းလေးတွေဆိုရင်
မင်း..ငါ့ကို မေ့သွားမှာပါ။

ခုတော့..သွားတော့နော်
ငါချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
ဘ၀ ဆိုတဲ့ မာယာနိုင်ငံအိုက
စောင့်ကြိုလို့ နေရော့မယ်..
သာမည လမ်းခွဲမှာ..
ဝမ်းမနည်းသလို ငါတို့ နှုတ်ဆက်
မနက်ဖြန်ခါမှာ..အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ..အောင်မြင်ပါစေ
မနက်ဖြန်ခါတိုင်းမှာ..အောင်မြင်ပါစေ..
ထိပ်ထားရေ။

No comments:

Post a Comment