Wednesday, January 23, 2008

နတ်သမီး အိပ်ဆေး ( ၆ )

နတ်သမီးအိပ်ဆေး ( ၆ )

အချိန်တန်တော့ ပန်းပဲသမားလေး အိမ်ပြန်လာပါတယ် … ခါတိုင်းလို ပန်းသီးပင်လေးအောက်မှာ စကားလက်ဆုံကျရင်း အချိန်တွေကို ကုန်လွန်စေခဲ့ကြတာပါ … ညစာစားချိန်အတွက် ပန်းပဲသမားလေးက သတိပေးတဲ့အခါ အိပ်ဆေးကို အရင်သောက်ချင်ကြောင်း နတ်သမီးလေးကပြောပါတယ် … နဂို ကတည်းက ချစ်ရသူအိပ်ရေး၀၀ အိပ်စေချင်တဲ့ ပန်းပဲသမားလေးကတော့ နတ်သမီးလေးတောင်းဆိုတဲ့အတိုင်း အိပ်ဆေး တိုက်လိုက်ပါတယ် … ချစ်ရသူနှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်တွဲ ရင်း ညစာစားဖို့ စားပွဲလေးဆီရောက်လာတဲ့ အခါ … စားပွဲပေါ်မှာ ဘာဆိုဘာမှခင်းကျင်းမထားလို့ ပန်းပဲသမားလေး အံ့သြသွားပါတယ် … နတ်သမီးက တခစ်ခစ် ရယ်ပြီး နတ်တို့သာစားသော အဟာရများကို တမဟုတ်ချင်း ဖန်ဆင်းလိုက်ပါတယ် … အရာရာမှာ ဒူးတုတ်ကျသွားတဲ့ ပန်းပဲသမားလေးဟာ … ထူးဆန်းဖွယ်ရာများ ၊ မဆင်မကြင်နောင်တတို့ တပွေ့တပိုက် …… ချစ်ရသူဝမ်းထဲမှာ… သူယူလာခဲ့တဲ့ အိပ်ဆေးက ရောက်နှင့်နေပြီ … နတ်သမီးလေးကတော့ တစ်ချိန်လုံးသူတိမ်းညွှတ်ခဲ့ရတဲ့ အပြုံးတွေနဲ့ ပြုံးလို့ …
နတ်သမီးလေးလက်ကိုဆွဲပြီး ထိုင်နေကြ ပန်းသီးပင်လေးဆီကိုပြေးသွားတော့တယ် … ဒီအချိန်ကျမှ ကျခဲ့ရတဲ့မျက်ရေတွေကတော့ ဘ၀ကို အစကပြန်ပြီး ထုဆစ်ခွင့် မပေးတော့ပါဘူး … နတ်သမီးလေးကို ရင်ခွင်ထဲမှာထားပြီး စကားပေါင်းများစွာကို ပန်းပဲသမားလေးပြောခဲ့ပါတယ် … နတ်သမီးလေးကတော့ ပန်းပဲသမားလေးရဲ့ ရင်ခွင်ထက်မှာ အိပ်လို့ …
၁၂ နာရီမထိုးခင် အထိတော့ ပန်းသီးပင်လေးရဲ့အောက်မှာ ချစ်သူနှစ်ယောက် ရှိနေကြတာပါ … အချိန်ဟာတစ်စုံတစ်ယောက်ကိုဆွဲနှုတ်သွားခဲ့တယ် …
အဲဒီအချိန်ကစပြီး … ရွာလေးမှာ နေ့ နဲ့ ည ဆိုတာ အတိအလင်းရှိလာသလို … ပန်းသီးပင်လေးနဲ့ ပန်းပဲသမားလေးကို တတွဲတွဲ မြင်နေရလေ့ ရှိတယ် …
နောက်တော့လဲ … ပန်းသီပင်လေးကတော့ သူ့ဟာသူရှိပြီး ပန်းပဲသမားလေးကတော့ အိပ်ရာပေါ်လဲလို့ …
ဆေးဆရာတိုင်းက ပန်းပဲသမားလေးကို လက်လျော့ထားရတဲ့ အချိန်မှာ … ပန်းသီးပင်လေးမှာ … တစ်ရွာလုံး မွှေးမြတဲ့ ပန်းသီးတစ်လုံးသီးလာတယ် … ……………. …………. ………

… … ပုံပြင်လေးကို ခံစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … ဒီပုံပြင်ရေးနေတုန်းမှာ ကျွန်တော့်ကို မေးကြတာလေးတွေရှိပါတယ် … ဒီနေရာမှာ ပြောပါမယ်ဗျာ … ဒီပုံပြင်ဟာ ဘယ်နေရာကမှ ဘာသာပြန်ထားခြင်းမဟုတ်ပါ … ကျွန်တော့်စိတ်ကူးယဉ်မှု သက်သက်ပဲဖြစ်ပါတယ် … အချိန်ပေးပြီးခံစားပေးကြတာကို ကျေးဇူးတင်ပါတယ် ခင်ဗျာ ….. ….

တည်ညိမ်းကို


3 comments:

  1. စိတ်ကူးနဲ့ ရေးထားတဲ့ ပုံပြင်လေးကို လာဖတ်သွားပါတယ်ာခင်ဗျာ နောက်လဲများများ စိတ်ကူးယဉ်နိုင်ပါစေ...

    ReplyDelete
  2. အိပ်မပျော်တဲ့ နတ်သမီးလေးကို အိပ်ပျော်သွားအောင် အိပ်ဆေးရှာပေးတာ
    ပုံပြင်လေးက နောက်ဆုံးကျတော့ ငိုချင်စရာလေးနော်
    မွန်က အိပ်မပျော်တိုင်း အိပ်ဆေးလာဖတ်ပြီး ကြိုးစားအိပ်နေတာ ၃၄ရက်ရှိပြီ
    ခုတော့ ပုံပြင်လေးကို သနားလို့ ငိုပြီးအိပ်ရတော့မယ်ထင်တယ်
    ငိုပြီးရင်လဲ မောပြီးအိပ်သွားတာပါပဲလေ
    ပုံပြောကောင်းတဲ့ ကဗျာဆရာရေ
    မွန်ပြောတာကို အလေးထားပြီး နတ်သမီးအိပ်ဆေးဖော်ပေးတာ
    မွန်အမြဲသတိရနေပါ့မယ်

    ReplyDelete
  3. ကိုတည်ညိမ်းကိုရေ နတ်သမီးလေးအိပ်ပျော်သွားတော့ သနားပါတယ်ကောင်လေးက... ပြန်ပေါင်းပေးလိုက်ပါနော်... အဲဒီလို မခွဲကောင်းဘူးနော်... နောက်ထပ် နတ်သမီးပုံပြင်တွေ အများကြီးပြောပါဦးနော်... အိပ်ဆေးကိုသောက်တော့ အကျင့်ပါသွားလို့... ဟီး...ဟီး...

    ReplyDelete