Tuesday, March 25, 2008


မန္တလေးသား ကဗျာဆရာ

မန္တလေးသား ကဗျာဆရာဟာ
ကိုယ့်လမ်းကိုယ်ဖောက်ပြီးလျှောက်မယ်တဲ့ …
နောက်ဖျားကိုချည်းအနင်းခံရလွန်းလို့
ရာဘာဖိနပ်လဲ ပြတ်ခဲ့တယ် …

မန္တလေးသား ကဗျာဆရာဟာ
ရိုးဂုဏ်ကိုပဲ ကိုးကွယ်ဖို့
ကိုယ့်ကိုယ်ကို အမြဲဆုံးမတယ် …
စကားပြောလေတိုင်း
လျှာပေါ်က မြေစာခင်းကတော့
ယိမ်းလို့ … နွဲ့လို့ …

မန္တလေးသား ကဗျာဆရာဟာ
နေပူကျဲကျဲမှာ
ကဗျာအလှကို လူတကာကိုပြဖို့လုပ်တယ် …
ခပ်ပြင်းပြင်းအလင်းမှာကိုပဲ
အမှောင်တွေ တဖွဲဖွဲကျလွန်းလို့
တစ်နေ့ပြီးတစ်နေ့ ရွှေ့ဆိုင်းနေရတယ် …

မန္တလေးသား ကဗျာဆရာဟာ
ကပ်မိုး ထရံကာ အိမ်လေးကိုရောင်းပြီး
ပျောက်ကွယ်သွားတယ် …
ဒီအကြောင်းကိုစကားစပ်မိတိုင်း
ခပ်ဆိတ်ဆိတ်ရယ်သံတွေ
လွင့် … လွင့် လာတယ် …

တစ်နေရာရောက်နေတဲ့
မန္တလေးသား ကဗျာဆရာဟာ
နေ့နဲ့ ညကို ကဗျာစာအုပ်ကြားမှာ
ညှပ်ညှပ်ထားတတ်တယ် …

တစ်နေရာရောက်နေတဲ့
မန္တလေးသား ကဗျာဆရာဟာ
တစ်ခြမ်းစောင်းနေတဲ့ လမ်းမတွေကို ရှောင်ရင်း
လွယ်အိတ်စုတ်နဲ့ခရီးသွားတယ် …

တစ်နေရာရောက်နေတဲ့
မန္တလေးသား ကဗျာဆရာဟာ
လောကဓမ္မကို
ရင်ဘတ်ဟပြဲနဲ့
စွဲစွဲမြဲမြဲ သင်တယ် …

တစ်နေရာရောက်နေတဲ့
မန္တလေးသား ကဗျာဆရာဟာ
ကဗျာရဲ့အလှတရားကို
မြို့ပြနံရံမှာ
ယုံကြည်မှု ခပ်ရဲရဲနဲ့
ချိတ်ဆွဲနိုင်ခဲ့တယ် …

မန္တလေးသား ကဗျာဆရာဟာ
အဲဒီလိုမျိုး …
သူ့လှေကားသူ တက်ခဲ့တယ် … …

တည်ညိမ်းကို


3 comments:

  1. မန္တလေးသား ကဗျာဆရာဟာ
    တစ်ခြမ်းစောင်းနေတဲ့ လမ်းမတွေကို ရှောင်ရင်း
    လွယ်အိတ်စုတ်နဲ့ခရီးသွားတယ် …
    ~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကြိုက်တယ်ဗျာ......

    ReplyDelete
  2. မန္တလေးသား ကဗျာဆရာ...
    ကဗျာလေး ကောင်းတယ် ကိုတည်ရေ...း)

    ReplyDelete
  3. ဘယ်သူတုံးအကိုကြီးရ မန္တလေးသား ကဗျာဆရာက
    ဘယ်သူပဲဖြစ်ဖြစ် ကဗျာလေးကောင်းတယ် အကိုကြီး

    ReplyDelete