Saturday, March 1, 2008

ပွိုင့်တာ

အပူအပင်တွေ ငြိမ်းဖို့ …
ပင်လယ်ကိုမော့သောက်ပစ်ဖို့မလို …
မေတ္တာဓါတ်များများပါတဲ့ အားတိုးဆေးကိုပဲ
တစ်နေ့တစ်လုံး
မှန်မှန် သုံးဖို့ လိုတယ် …

ဟိုဘက်ကမ်းမှာတော့
ပန်းတွေ အဆုတ်လိုက် အဆုတ်လိုက် ပွင့်နေကြပြီ …
ခင်ဗျားရဲ့ လွင်ပြင်ကို
စစ်တလင်းအဖြစ်က
အခုရပ်ပါ …

အပြစ်အနာ ဆိုတာ
ဘယ်နေရာမှမကင်းဘူး …
ငါကောင်းခဲ့ဖူးတယ်ဆိုတာကိုပဲ
ခဏခဏမတွေးနဲ့ …
“ မိတ်ဆွေကောင်းဆိုတာ ကြယ်နဲ့တူသတဲ့ …
မှောင်လေ ပိုလင်းလေ ” …

အလျော်အစားတွေ များလွန်းတဲ့အခါ …
ဘ၀ရဲ့ မြင့်မြတ်စင်ကြယ်မှုဟာ …
စစ်ပွဲပြန် မြင်းစီးသူရဲ ရဲ့
ချပ်ဝတ်တန်ဆာနဲ့တူလေတယ် …

ကတ္တီပါဖိနပ်လဲ မစီးချင်နဲ့ …
ရွှေထီးလဲ မဆောင်းချင်နဲ့ …
ပတ်ဝန်းကျင်မှာ အမှောင်လာရင်
ကောင်းကင်ကို ခပ်ရဲရဲ ပျံတက်
ကြယ်တစ်ပွင့်အဖြစ်
လင်းလက်ပစ်လိုက်ပါ …

တည်ညိမ်းကို

“ … ” ထဲက စကားလုံးများက ကျွန်တော့် ကိုယ်ပိုင်စကားလုံးများမဟုတ်ပါ … တစ်နေရာရာ ကဖတ်ရှုမှတ်သားမိလို့ ကဗျာနဲ့လဲအံဝင်ခွင်ကျဖြစ်နေတာနဲ့ ယူသုံးလိုက်တာပါ … တော်တော်ထိရောက်တဲ့ ခိုင်းနှိုင်းမှုဖြစ်လို့ ဒီထက်ထိရောက်တဲ့ စကားလုံးလဲ ရှာမရလို့ပါ …
သူငယ်ချင်းတစ်ယောက်က ဒီအကြောင်းအရာလေးကို ကဗျာအဖြစ်ရေးပြီးတင်ပေးပါဆိုလို့ ကျွန်တော်တတ်သလောက်မှတ်သလောက် ရေးသားတင်ပြလိုက်ရပါတယ် … သူငယ်ချင်းလဲ ကျေနပ်နိုင်လိမ့်မယ်လို့ထင်ပါတယ် …

6 comments:

  1. ဝေးးးး...
    “အလျော်အစားတွေ များလွန်းတဲ့အခါ …
    ဘ၀ရဲ့ မြင့်မြတ်စင်ကြယ်မှုဟာ …
    စစ်ပွဲပြန် မြင်းစီးသူရဲ ရဲ့
    ချပ်ဝတ်တန်ဆာနဲ့တူလေတယ် …”
    ဒီ အပိုဒ်လေးကို နှစ်သက်တယ်ဗျာ.. တကယ်ပဲ ဘဝမှာ အလျှော်အစားတွေ များလာရင် ဒီလိုပဲ ဖြစ်လာတတ်တယ်ဗျာ

    ReplyDelete
  2. ဟုတ်တယ်ကိုတည်ရေ...
    မိတ်ဆွေကောင်းဆိုတာ ကြယ်နဲ့တူသတဲ့ …
    မှောင်လေ ပိုလင်းလေ ” …ပေါ့နော်..အိမ်လေးလဲ ထောက်ခံတယ်ဝေးးးး
    ပွိုင့်တာ ကဗျာလေး ကြိုက်တယ်...အားပေးလျှက်ပါနော်..

    ReplyDelete
  3. “အလျော်အစားတွေ များလွန်းတဲ့အခါ …
    ဘ၀ရဲ့ မြင့်မြတ်စင်ကြယ်မှုဟာ …
    စစ်ပွဲပြန် မြင်းစီးသူရဲ ရဲ့
    ချပ်ဝတ်တန်ဆာနဲ့တူလေတယ် …”

    အနော်လည်း အတူတူပဲ ဒါလေးကို ကြိုက်တယ်။

    ReplyDelete
  4. “ မိတ်ဆွေကောင်းဆိုတာ ကြယ်နဲ့တူသတဲ့ …
    မှောင်လေ ပိုလင်းလေ ” ဆိုတာလေးကို ကြိုက်တယ် အကိုရေ

    ReplyDelete
  5. သူငယ်ချင်းကျေနပ်လား မကျေနပ်လားတော့မသိဘူး.. ကောင်မလေးကတော့ ကျေနပ်တယ်.. တစ်ခါတစ်ခါ ကိုယ်က မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ရတာက မိတ်ဆွေကောင်းတစ်ယောက်ရတာထက် ပိုကောင်းမယ်ထင်တယ်.. ကောင်မလေးကတော့ အခုထိ အဲ့ဒီလိုမျိုး မကျင့်သုံးနိုင်သေးပါကြောင်း... :)

    ReplyDelete
  6. စစ်ပွဲပြန်မြင်းစီးသူရဲရဲ့ မြင့်မြတ်စင်ကြယ်မှုဟာ သူ့ချတ်ဝတ်တန်ဆာရဲ့ ပေါက်ပြဲပေကျံမှုနဲ့ ထပ်တူကျတယ် အဲဒီလိုလား

    ReplyDelete