Saturday, March 15, 2008


အစိမ်းနံ့ နံတဲ့ ကဗျာ

အသက်ရှူသံကိုက
ရိုးတိုးရိပ်တိတ်နဲ့ …
လက်ကျန်လောင်စာနဲ့တောက်တဲ့ မီးလို …

မဖြစ်စလောက် လက်ခုပ်သံများအတွက်
ကျွန်တော့်ညတွေကို
လေစိမ်းအတိုက်မခံလိုပါ …

အဲလို ဂရုစိုက်နေရင်းက
ဘ၀ရဲ့ အလျားဟာ
ဓါတ်တိုင်အောက်မှာ ထက်ဝက်ကျိုးခဲ့ …

ပုံတိုပတ်စ တွေပြောပြောပြပြီး
မှားလာသမျှကို အာပတ်ဖြေပေးမယ့် အမေ …
ကျွန်တော်နဲ့ နေ၀င်နေထွက်တစ်လွှာစာဝေးလို့ …
ကျွန်တော်ကလဲ …
ကိုယ့်ဓါးကိုယ် ထက်လှတယ်အထင်နဲ့
မှော်ရုံအတွင်း
ရင်ကော့ရင်း ၀င်ခဲ့မိတာကိုး …

ကျွန်တော့်မှာရှိတဲ့ ပေတံလေးနဲ့
သူတို့ရဲ့ စိတ်တွေကိုမတိုင်းနိုင်ခဲ့တာပါအမေ …

နေ နဲ့ လ ကိုမမြင်ရလောက်အောင်
ကျွန်တော်ထမ်းထားတဲ့ ၀န်ထုပ်ဝန်ပိုးတွေကလဲ
အရပ်မြင့်တယ် …

အဝေးကိုငေးရင်း ကဗျာရေးတတ်တဲ့ အကျင့်လေး
မေတ္တာနပ်မမှန်မှုကြောင့် တုန်းရုန်းလဲလို့ …
ဆန့်တငင်ငင်အသက်ရှူသံဟာ
ကြည်စင်ဝင်းပခြင်းကို အိပ်သွန်ဖာမှောက် … ရှာလို့ …

ယက်ကန်းသည်မ လို
ကျိုးကျိုးကုတ်ကုတ် ရက်လုပ်ခဲ့ရ
ဘ၀ ကိုက ကျိုးလွယ်ပဲ့လွယ်ရယ် …
အဆင်လှတာ မလှတာ အပထား
ဘ၀ရဲ့ အလျားများရှည်လာရင်
အစ မထွက်လိုက်နဲ့ …
ဆွဲထုတ်ချင်သူတွေက … များတယ် …

ထွက်မပြေးတော့ ပါဘူးကွယ် …
လွတ်မှာမှ မဟုတ်ဘဲ …
လောကဓံ ပစ်တဲ့ ကွန်ကတော့
ကျွန်တော့်ဘ၀ကို
မကျွတ်မလွတ်တော့တဲ့အထိ … ရစ်လို့ …

တည်ညိမ်းကို


2 comments:

  1. ကြိုက်တယ် အကိုကြီး
    ကဗျာလေး ကောင်းတယ်
    စကားလုံးတွေ အရမ်းလှတယ်
    ပျော်ရွှင်ပါစေ ခင်ဗျာ ။ ။

    ReplyDelete
  2. အစိမ်းနံ့ နံတဲ့ ကဗျာ လေးစပ်ထားတာကောင်းတယ်ဝေးးး
    ကိုတည်ရေ...ဆက်ဆွဲနိုင်ပါစေနော်...ဟုတ်တယ်နော် အမေဆိုတာက မှားလာသမျှကို အာပတ်ဖြေပေးနိုင်တယ်...:)

    ReplyDelete