Thursday, March 6, 2008

အလွှာများ

ပျော့တိပျော့တွဲ လက်တစ်စုံဟာ
တောက်တိုမယ်ရတွေ သယ်သယ်လာရင်း
ငါ့ဆီကို မကြာခဏ …
လာလာလည်တတ်တယ် …

တစ်အိမ်လုံးမီးခလုပ်မဖွင့်ခဲ့တာ
… ဟိုးတလော ကတည်းက …
တခါတခါ
အမှောင်ဟာ ငါ့ကို အမြင်ရှင်းစေတယ်ထင်လို့ …

လောင်းရိပ်အောက်ကထွက်ခဲ့စမ်း …!!!
ပြတင်းတံခါးအပြင်က ပစ္စုပ္ပန်ဟာ
အဲဒီ အသံနဲ့ အတောင်ပံတဗြန်းဗြန်းခတ်တယ် …

ငါ့ဖိနပ်ကလေးလဲ နှင်းစိုနေတာ ကြာခဲ့ပြီ …
ဒီတစ်ခါ အပြင်သွားမှ
ဘ၀နဲ့ တော်မယ့် ဖိနပ်လှလှဝယ်မယ် …
ဖိနပ်တိုက်ဆေး (ဈေးမကြီးတာ) ၀ယ်မယ် …

တခါတုန်းကတော့
အိမ်ရှေ့က စံပယ်ရုံမှာ
တနင်္ဂနွေသမီးလေးဖြတ်အသွား
အနီရောင်စံပယ်တွေနဲ့ချည်းပဲ ရဲဗလောင်းခတ်သွားဖူးခဲ့
အဲဒီကတည်းက
ညညဆို အိပ်မက်ဆိုးတွေမက်ကြောင်း
စံပယ်တစ်ရုံလုံးက အုန်းအုန်းကြိတ်ကြိတ်ပြောကြတယ် …

လှမ်းအော်ရတာလဲ … ဝေး … တယ် …
လှမ်းမျှော်ရတာလဲ … ဝေး … တယ် …
ဘယ်လောက်အထိများ နီးချင်ပါသလဲလို့မေးလာရင်
ကိုယ့်ကိုယ်ကို ပြန်မြင်ရတဲ့ အထိနီးချင်တယ် …

တည်ညိမ်းကို


6 comments:

  1. အလွှာများ...
    လှမ်းအော် ရတာတွေ...လှမ်းမျှော် ရတာတွေ ကနေ အမြန်ဆုံး ဝေးနိုင်ပါစေနော်...:D
    သယ်ရင်းကိုတည်ရေ...နောက်တာနော် ဟဲဟဲ ...ကဗျာလေးကောင်းတယ်ဝေးးးးး

    ReplyDelete
  2. အိမ်ရှေ့က စံပယ်ရုံမှာ
    တနင်္ဂနွေသမီးလေးဖြတ်အသွား
    အနီရောင်စံပယ်တွေနဲ့ချည်းပဲ ရဲဗလောင်းခတ်သွားဖူးခဲ့
    အဲဒီကတည်းက
    ညညဆို အိပ်မက်ဆိုးတွေမက်ကြောင်း
    စံပယ်တစ်ရုံလုံးက အုန်းအုန်းကြိတ်ကြိတ်ပြောကြတယ် …
    အင်းဗျ .... နည်းနည်းတော့ မြင်တယ် ...
    များများမြင်ရင် ဖရုဿဝါစာ သမားတွေ တိုြး့ပီး နှောက်ယှက် လာမစိုးလို့ :D

    ReplyDelete
  3. ဒီကဗျာကို ကျနော်တော်တော်လေးကြိုက်မိပါတယ်။ အစ်ကို အပြင်က မဂဇင်းတွေမှာရေးလားခင်ဗျ။ အတွေးလည်း ကောင်းလွန်းလို့ပါ။ တစ်စုံတရာကို ခံစားရစေတယ်ဗျာ။ပြောတော့မပြတော့ဘူး။

    ReplyDelete
  4. လှမ်းအော်ရတာလဲ … ဝေး … တယ် …
    လှမ်းမျှော်ရတာလဲ … ဝေး … တယ် …
    ဘယ်လောက်အထိများ နီးချင်ပါသလဲလို့မေးလာရင်
    ကိုယ့်ကိုယ်ကို ပြန်မြင်ရတဲ့ အထိနီးချင်တယ် …
    ............................................................
    အရမ်းအဓိပ္ပါယ်ရှိတယ်ဗျာ
    တအား ..... တော်တာပဲ အဲလိုပြောတတ်ချင်လိုက်တာ
    အပြင်လိုက် အစင်းလိုက်ကြီးပြောနေရတာ ရှက်လာပြီ။

    ReplyDelete
  5. ကြိုက်တယ်ဗျာ....

    လှမ်းအော် လှမ်းမျှော် ဝေးနေကြတဲ့အကြောင်း..
    အမြန်ဆုံးနီးနိုင်ပါစေ... ကိုယ့်ကိုကိုယ်ပြန်မြင်ရတဲ့အထိတဲ့..
    နီးပါစေ.. နေ့သစ်တွေလှပါနေမှာပါ...။

    ReplyDelete
  6. ဘယ်လို ဆေးဝါးတွေ မှီဝဲ ပြီး ကဗျာတွေ ဒီလောက်ကောင်း နေရတာလဲ ကို T ကြီးရေ
    တော်တော် ဆိုးတဲ့ တနင်္ဂနွေ သမီးပဲနော်
    စံပယ်တစ်ရုံ လုံးကို အုံးအုံးကြိတ်ကြိတ် ဖြစ်အောင်
    လုပ်ရက် လိုက်တာ

    ReplyDelete