ကံ့ကော်တစ်ပွင့်ကြွေဖို့
ကံ့ကော်ပင်ကို ကိုင်လှုပ်ခဲ့တာ မဟုတ်ဘူး …
စောင်းနေတဲ့ ကမ္ဘာပေါ်မှာနေတော့
ငါ ကလဲ
ခပ်စောင်းစောင်းပဲ မတ်တတ်ရပ်တယ် …
ငါ့ ဘ၀ မှာလဲ
အဖိတ်အစင် ရှိခဲ့တာပါပဲ
ထူးထူးထွေထွေပြန်ပြောင်းပြောပြနေဖို့မလို …
ပန်းတွေသစ္စာမရှိတဲ့ အကြောင်းကိုတော့
ပိတောက် က တခမ်းတနား ပြောပြတယ် …
အဲဒီ ကတည်းက …
သင်္ကြန်စာ မဖတ်ဘူး …
သင်္ကြန်ကဗျာ မရေးဘူး …
အရိပ်ကောင်းကောင်း သစ်ပင်တစ်ပင် …
မသိုးထမင်း မသိုးဟင်း …
စာရွက်လွတ် အတော်များများ …
မှင်ချောင်း အပိုပါတဲ့ ဘောလ်ပင် …
ငါ့အတွက် ဘာမှမလိုအပ်ပါ …
“ အချစ် ” က
စစ်တုရင်ခုံပေါ်က “ ရထား ” နဲ့တူတယ် …
“ မေတ္တာ ” ကတော့
“ ဘုရင်မ ” နဲ့ တူလေရဲ့ …
တွဲလက်မြဲပြီး တစ်သက်လုံးပျော်ရမယ်လို့
ဘယ်တော့မှမတွေးလေနဲ့ …
ငါတို့တတွေဟာ
တစ်လှေထဲစီး တစ်ခရီးထဲသွားတွေဆိုတာကလွဲရင်
တစ်ခြားဘာမှ မပိုခဲ့ဘူး … …
တည်ညိမ်းကို